ဂွမြို့တွင် နွေရာသီ ပန်းချီအခြေခံ (အခမဲ့) သင်တန်း ဖွင့်လှစ်

ဂွ  မတ် ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့  နေ့လယ်၁၁ နာရီက ပန်းချီအခြေခံ  (အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ပန်းချီအခြေခံ (အခမဲ့) သင်တန်းကို  ဖွင့်လှစ် သင်ကြားပို့ချခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းချီအခြေခံ သင်တန်းကို ဆက်လက်သင်ကြားပေးခဲ့ကြသည်။

အဆိုပါ နွေရာသီ ပန်းချီအခြေခံ  (အခမဲ့) သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး  သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ မတ်လ ၁၃ ရက်မှ ၁၇ ရက်နေ့ထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်