ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ Club အဖွဲ့ဝင်များပူးပေါင်း၍ ကြီးပွားချမ်းသာနည်းများစွာစာအုပ်ကို စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ မြင်းခြံကျော်အောင်ရေးသားသော ကြီးပွားချမ်းသာ နည်းများစွာ စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်းက စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်၊ စာပေဗဟုသုတတိုးပွားရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့်  မြို့နယ် Youth Club အဖွဲ့ဝင် ဒေါ်နှင်းနွယ်အောင်က လူငယ်တို့ အလုပ်အကိုင်အခွင့်အလမ်းများကိုလက်ဝယ်ပိုင်ပိုင်ရယူနိုင်ရန်မှာ လူငယ်တစ်ဦးချင်းစီ၏ အခြေအနေပေါ်မူတည်ကြောင်း၊ မိမိကိုယ်မိမိပြုစုပျိုးထောင်ရမည်ဖြစ်ပြီး မိဘအုပ်ထိန်းသူများကလည်း မှန်ကန်သော လမ်းညွှန်မှုများပြုကြရမည်ဖြစ်ကြောင်း၊ အောင်မြင် သောလူငယ်များဖြစ်လာကြစေရန် လူ့ဘောင်လောကတွင် တွေ့ရမည့်ရှောင်ရန်ဆောင်ရန်အချက်များကို လိုက်နာကျင့်သုံးမှသာ အောင်မြင်မှုကိုရရှိမည်ဖြစ်ကြောင်းနှင့်  မြို့နယ် Youth Club အဖွဲ့ဝင် ဒေါ်သန္တာအောင်က အလုပ်ကိုစွဲစွဲ လမ်းလမ်းချစ်ပြီးလုပ်ပါ၊ စိတ်ကောင်းနှလုံးကောင်း ရှိစေရန်လုပ်ဆောင်ရမည့်အချက်များ၊ ချမ်းသာသူ၊ ကြီးပွားအောင်မြင်သူနှင့် အများအကျိုးဆောင်ရွက်နိုင်သူများဖြစ်ကြစေရန်အတွက် ဘဝအတွက်ပြည့်စုံရမည့်အချက်(၁၀) ချက် အကြောင်းများကို ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာအုပ်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချရန်၊ ဇွဲလုံ့လရှိရန်၊ အလုပ်အပေါ်ပျော်ပိုက်ရန်၊ ရိုးသားရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ရန်၊ ချစ်ခင်ကြင်နာရန်၊ တာဝန်ကိုယ်စီကျေပွန်ရန်၊ စီးပွားရေးအသိပညာပြည့်စုံရန်၊ လူအချင်းချင်းပေါင်းသင်းဆက်ဆံရေးတွင် သည်းခံသင့်သည်ကိုသည်းခံရန်နှင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွင် ကျွမ်းကျင်မှုရှိမှသာ လောကတွင်အောင်မြင် ကြီးပွားချမ်းသာကြ သူများဖြစ်လာမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပြီး  ငဖဲမြို့နယ်ရုံးအနေဖြင့် Club အဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပုံမှန် စာဖတ်ဝိုင်းများနှင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)