ပွင့်ဖြူမြို့နယ်၌ ပွင့်လင်းရာသီကာလ ငှက်ပျောဈေးကွက် ကောင်းမွန်လာသဖြင့် ငှက်ပျောစိုက်ပျိုး တောင်သူများ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ မတ် ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ ငှက်ပျောအထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်းနှင့် ယခု ပွင့်လင်းရာသီကာလတွင် ငှက်ပျောဈေးကောင်းမွန်လာသဖြင့် ဒေသတွင်းရှိ ငှက်ပျော စိုက်ပျိုးကြသူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဒေသခံတောင်သူများက တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ ကုလားပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံနှင့် စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်းသိရသည်။ အချို့တောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် တစ်ပိုင် တစ်နိုင် ဥယျာဉ်ခြံမြေများဖြင့် ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ဒေသက စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူတွေဟာ တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြတယ်ဗျ။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာ၌ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကိုလဲ စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကျွန်တော်တို့ဒေသမှာ အများဆုံး စိုက်ပျိုးတဲ့ ငှက်ပျောမျိုးကတော့ ဖီးကြမ်းငှက်ပျော ဖြစ်ပါတယ်။ ဖီးကြမ်းငှက်ပျောက ဈေးကွက်မှာ စားသုံးသူ အကြိုက်တွေ့တာကြောင့် ဈေးလဲပိုရတယ်ဗျ။  ငှက်ပျောဈေးက ဆောင်းရာသီတုန်းက ဈေးကျတယ်၊ ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် ၆၀၀၊ ၇၀၀ ဈေးလောက်နဲ့ ရောင်းချခဲ့ရတယ်။ ယခု ပွင့်လင်းရာသီကာလမှာတော့ ငှက်ပျောဈေးက ပြန်လည်ကောင်းမွန်လာခဲ့ပြီး ငှက်ပျောတစ်ဖီးကို ငွေကျပ် (၉၀၀၊ ၁၀၀၀) ဈေးနဲ့ ရောင်းချနေရတယ်။ ယခုလို ငှက်ပျောဈေးကွက် ကောင်းမွန်လာတဲ့အတွက် စိုက်ပျိုးတောင်သူတွေရော၊ တစ်ဆင့်ပြန်လည်ရောင်းချတဲ့ ဈေးသည်တွေရော လုပ်ငန်းအဆင်ကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် ထူးပေါက်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက  ပြောသည်။   

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ပွင့်လင်းရာသီကာလတွင် ငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန်လာသဖြင့် ဒေသခံတောင်သူများက ဖီးကြမ်း ငှက်ပျော၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျော၊ ငှက်ပျောချဉ်တို့ကို တိုးချဲ့စိုက်ပျိုးလုပ်ကိုင်လျက်ရှိကာ အချို့တောင်သူများက ငှက်ပျောပျိုးပင် ပျိုးထောင်ရောင်းချခြင်းဖြင့် နှစ်သီးစားဝင်ငွေရရှိပြီး စီးပွားရေး အဆင်ပြေနေကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )