တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မီးဘေးလုံခြုံရေးတာဝန်ခံ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ် မတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သော မီးဘေးလုံခြုံရေးတာဝန်ခံ ( Fire Safety Manager Course for Government Officials) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ကြီးမားသော အနှောင့်အယှက်အဟန့်အတားဖြစ်သည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မီးဘေးကာကွယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထုအတွင်း မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအသိပညာများ စိမ့်ဝင်ပျံ့နှံ့စေရန်အပြင် သက်ဆိုင်ရာဌာနအလိုက် မိမိတို့ဌာန၏ မီးဘေးလုံခြုံရေးစီမံချက် များကိုရေးဆွဲသည့်အခါ မြေပြင်၌လက်တွေ့ကျကျ ဆောင်ရွက်နိုင်သော စီမံချက်တစ်စောင် ကောင်းမွန်စွာရေးဆွဲတတ် စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မီးဘေးအန္တရာယ်အပြင် သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်ကျရောက်မှုဖြစ်စဉ်များတွင် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး တာဝန်ခံများသည် အရေးကြီးသောအခန်းကဏ္ဍက ပါဝင်နေသည်ကိုတွေ့ရကြောင်း၊ မီးသတ်ပညာရပ်များနှင့် မီးဘေးလုံခြုံရေးစစ်ဆေး အကြံပြုချက်များအပေါ် သိရှိနားလည်ပြီး သက်ဆိုင်ရာဌာန အတွင်း မီးသတ်ပညာဗဟုသုတများ ပြန့်ပွားစေရန်အတွက် သင်တန်းနည်းပြများ၏ စာတွေ့/လက်တွေ့ သင်ကြားပို့ချမှုများကို ကြိုးစားသင်ယူသွားကြရန်လိုအပ်ကြောင်း၊  သင်တန်းသားများအနေဖြင့် သိရှိလိုသည်များကို ပွင့်လင်းစွာဖြင့် မေးမြန်းဆွေးနွေးပေးကြရန်မှာကြားသည်။

ဆက်လက်၍ မီးသတ်ဦးစီးဌာနသမိုင်းကြောင်းနှင့် ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုအားပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

သင်တန်းတွင်ဌာနဆိုင်ရာ သင်တန်းသား(၅၀)ဦးအား မတ်လ(၁၃)ရက်နေ့မှ (၂၄)ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်ကြာ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပို့ချပေးသွားမှာဖြစ်ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)