ပုဏ္ဏားကျွန်းမြို့၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး အကြံပြုကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ပုဏ္ဏားကျွန်း မတ် ၁၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့၊ မွန်းလွဲပိုင်းက ပုဏ္ဏးကျွန်းမြို့၊ စံပြရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် အကြံပြုကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ အကြံပြုကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်သန်းထွန်းနှင့် တပ်ဖွဲ့ဝင်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ နေအိမ်များ၌ မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေး ပစ္စည်းများအား အဆင်သင့် ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများကို သိုလှောင်ထားခြင်းမပြုရန်၊ နေအိမ်များတွင် တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့်ပျက်စီးနေသည့် မီးခလုပ်များအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ ငြိမ်းသတ်ကြရန် စသည်တို့ကို စစ်ဆေးအကြံပေးကြပြီး၊ မီးဘေးအန္တရာယ်များ ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)