သဲကုန်းမြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား

သဲကုန်း မတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/သူ ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ဓမ္မစကူးလ်ယဉ်ကျေး လိမ္မာသင်တန်းကို ယမန်နေ့ကစ၍ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ရပ်ကွက်(၄)ရွှေဘုန်းရှိန်ဘုရားလမ်းရှိ၊ မင်္ဂလာတိုက်ကျောင်းရှိ ရွှေသဲကုန်းဓမ္မစကူးလ်ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဓမ္မစကူးလ်သင်တန်းတွင် (KG)တန်းမှ (Grade-6)တန်းအထိ အတန်းလိုက် သင်ခန်းစာစာအုပ်များကို ကလေးများ၏ ဉာဏ်ရည်အလိုက် ရဟန်းပညာရှိ၊ လူပညာရှိများ စုပေါင်းတိုင်ပင်၍ ရေးဆွဲထားသဖြင့် ကလေးများပျော်ရွှင်၍ ဉာဏ်ရည် ထက်မြက်လာစေမှာဖြစ်ကြောင်း၊ ဓမ္မစကူးလ်ကျောင်းသည် တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာတစ်မနက်သာ တက်ရောက်ရသဖြင့် အတန်းပညာရေးကို အဟန့်အတား မဖြစ်စေသည့်အပြင် ကိုယ်ရောစိတ်ပါ ပြုပြင်ထားသော လူငယ်လေးများဖြစ်လာရန် ရည်ရွယ်၍ သင်ကြားရပေးခြင်းဖြစ်ကြောင်း၊ ဓမ္မစကူးလ်သင်တန်းသည် အသိဉာဏ် ပြည့်ဝပြီး တိုင်းပြည်နှင့်လူမျိုးကိုစောင့်ရှောက်ကြမည့် သားကောင်း၊ သမီးကောင်းများ ဖြစ်လာကြရန် အတွက် ကလေးငယ်များ တက်ရောက်ရန်လိုအပ်ကြောင်း စသည်ဖြင့် ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဓမ္မစကူးလ်သင်တန်းတွင် အရှင်ဣန္ဒက(ရွှေသဲကုန်း ဓမ္မစကူးလ် တာဝန်ခံဆရာတော်)ဦးဆောင်၍ ဆရာ/မ(၂၅)ဦးမှ ကျောင်းသား/သူ (၁၈၃)ဦးတို့ကို အပတ်စဉ်တနင်္ဂနွေ နံနက်(၈)နာရီမှ (၁၁)နာရီအချိန်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဝင့်နန္ဒာဌေး