မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်  နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မကွေး     မတ်     ၁၂

မကွေးတိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က နွေရာသီအားကစားသင်တန်း ဖွင့်လှစ်ရသည့်အတွက် မျိုးဆက်သစ်လူငယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ပြီး အားကစားကိုလေ့လာလိုက်စားပြီး အားကစားဖြင့် နိုင်ငံတော်ကို အကျိုးပြုနိုင်သော ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံတော်သော လူငယ်များဖြစ်လာစေရေး အခြေခံအားကစားနည်း တစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသော အားကစားသမားကောင်းများ၊ နိုင်ငံ့သားကောင်း၊ သမီးများဖြစ်စေရေး ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ဖွံ့ဖြိုးမှု ကောင်းကျိုးများ ရရှိလာနိုင်စေရေး အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးစသည့် မြင့်မားတဲ့ရည်ရွယ်ချက်များနဲ့ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ခရိုင်ပြိုင်ပွဲများ၊ မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများကို အားကစားပြက္ခဒိန်များရေးဆွဲပြီး ကျင်းပပြုလုပ်နေသည့်အတွက် အားကစားကိုချစ်မြတ်နိုးသော လူငယ်မောင်မယ်များအနေဖြင့် မိမိတတ်ကျွမ်းထားသော အားကစားစွမ်းရည်များကို ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြသခွင့်ရရှိကြမှာဖြစ်ကြောင်း၊ ယခုလို နွေရာသီအခြေခံအားကစား သင်တန်းမှသင်ကြားပေးလိုက်သည့် အားကစားနည်းစနစ်ပိုင်းဆိုင်ရာ တတ်ကျွမ်းမှုများကို အခြေခံအဆင့်မှာတင် ရပ်တန့်မနေဘဲ ဆက်လက်လေ့လာလိုက်စားကြပြီး မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ဖွင့်လှစ်ထားရှိသော အားကစားသိပ္ပံကျောင်းများတွင် အထက်တန်းပညာရပ်များကို အားကစားဘာသာရပ်နှင့်အတူ တက်ရောက်သင်ကြားနိုင်ပြီး အောင်မြင်သွားသည့်အခါ ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်တို့တွင် B.Sc(Sport)ဘာသာရပ်ကို တက်ရောက်သင်ကြားခွင့်ရပြီး ဘွဲ့ဒီဂရီများရရှိကာ အားကစားနှင့်သက်ဆိုင်သည့် အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်ခွင့် ရရှိကြမှာဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ဘောလုံး၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ Physical Fitness Dance ၊ အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ အလေးမ၊ လက်ဝှေ့နှင့် ကရာတေးဒိုစသည့် အားကစားနည်း(၁၄)မျိုးကို သင်ကြားခဲ့ပြီး သင်တန်းကရရှိခဲ့တဲ့ နည်းစနစ်များနှင့် ကျွမ်းကျင်မှုကိုအခြေခံပြီး အဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားကြပြီး ထူးချွန်ထက်မြက်သော နိုင်ငံဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်နိုင်ကြပါစေကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ လူငယ်မောင်မယ်များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

ထို့နောက် နွေရာသီအခြေခံအားကစားသင်တန်းတွင် သင်ကြားခဲ့သည့် အားကစားနည်းများမှ ကရာတေး၊ ကရာတေးဒို ဘောလုံး၊ ဝူရှူး၊ မြန်မာ့သိုင်းစသည့် အားကစားနည်းများဖြင့် သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြသခြင်း ဆောင်ရွက်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က သရုပ်ပြဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ တိုင်းဒေသကြီးနွေရာသီအခြေခံအားကစားသင်တန်းများကို မကွေးတိုင်းဒေသကြီး အားကစားခန်းမနှင့် ခရိုင်အားကစားကွင်းတို့တွင်(၂၇-၂-၂၀၂၃)ရက်နေ့မှ (၁၂-၃-၂၀၂၃)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်ညီညာ