ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ စားတော်ပဲစိုက်ခင်းများ စတင်ရိတ်သိမ်း၊ ဈေးကောင်းရရှိ၍ တောင်သူများ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိ

ပွင့်ဖြူ  မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သည့် စားတော်ပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ မတ်လဆန်းမှ စတင်ကာ ရိတ်သိမ်း ခြွေလှေ့နေကြပြီဖြစ်ကာ စားတော်ပဲသီးနှံ ပေါ်ဦးပေါ်ဖျား တစ်တင်းလျှင် ငွေကျပ် တစ်သိန်းကျော်ဖြင့် ရောင်းချနေရ၍ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိ ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။  

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြု၍ စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းသီးနှံရာသီတွင် ဒေသခံတောင်သူများကဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်နှင့်သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံသီးနှံ၊ အခြားစားဖိုဆောင်သီးနှံမျိုးစုံနှင့် ကျွဲနွားတိရစ္ဆာန်အစာ နှံစား ပြောင်းတို့ကို စီးပွားဖြစ် အားထားစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆောင်းသီးနှံများတွင် ပဲမျိုးစုံသီးနှံတွင် တစ်ခုအပါအဝင်ဖြစ်သည့် စားတော်ပဲသီးနှံစိုက်ခင်းများမှာ စိုက်ပျိုးရေ အဆင်ပြေမှုနှင့် ပိုးမွှား ရောဂါ ကျရောက်မှုမရှိခဲ့သဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိခဲ့ကာ သီးနှံအထွက်နှုန်းများ ကောင်းမွန် လျက်ရှိကြောင်း သိရသည်။   

 “ကျွန်တော်တို့ မြို့နယ်က ဒေသခံတောင်သူတွေဟာ မဲဇလီရေလွှဲဆည်ရေနဲ့ မြေအောက်ရေတို့ကို အမှီပြုပြီးတော့ တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေ အဆင်ပြေမှုနှင့် ရာသီဥတုမျှတကောင်းမွန်မှုကြောင့် စိုက်ပျိုး ရေးလုပ်ငန်းဟာ အောင်မြင် ဖြစ်ထွန်းမှုရှိပါတယ်။ ယခုဆိုရင် ကျွန်တော်တို့တောင်သူတွေ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ စားတော်ပဲသီးနှံစိုက်ခင်းတွေ စတင်ရိတ်သိမ်းခြွေလှေ့နေကြပါပြီ။ စားတော်ပဲ သီးနှံစိုက်ခင်းတွေက ပိုးမွှားရောဂါကျရောက်မှုမရှိတဲ့အပြင် စိုက်ပျိုးရေလည်း အပြည့်အဝ ရရှိတာကြောင့် အထွက်နှုန်းလဲ ကောင်းတယ်ဗျ။ တစ်ဧကကို စားတော်ပဲသီးနှံ ၁၆ တင်းခန့် ထွက်ရှိတယ်၊ ဒါ့အပြင် ရောင်းချရာမှာလဲ တစ်တင်းကို ငွေကျပ်တစ်သိန်းကျော် ရောင်းချနေလို့ဒေသတွင်းရှိ စားတော်ပဲသီးနှံစိုက်ပျိုးတောင်သူ တွေ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိပြီး လုပ်ငန်းအဆင်ပြေကြတယ်”ဟု ပွင့်ဖြူမြို့နယ် ညောင်ပင် စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး နှစ်စဉ် ဆောင်းရာသီကာလတွင် ပဲမျိုးစုံသီးနှံများဖြစ်သည့် စားတော်ပဲ၊ ထောပတ်ပဲ၊ ပဲကြီး၊ ပဲနောက်၊ ပဲရင်း၊ ပဲလွမ်း စသည့် သီးနှံများကို သီးသန့်စိုက်ပျိုးကြသလို  အခြားသီးနှံများနှင့် ရောနှောကာ သီးထပ်သီးညှပ် စိုက်ပျိုးကြသူများလည်းရှိကြောင်း၊ ယခုနှစ်တွင် ဒေသခံတောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် စားတော်ပဲသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းကာ အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက  နွေသီးနှံပြန်လည်စိုက်ပျိုးရန်အတွက် နေ့စားအလုပ် သမားများနှင့် ရိတ်သိမ်းခြွေလှေ့စက်များကို ငှားမ်း၍ လှိုင်လှိုင်သိမ်းဆည်းနေကြကြောင်းသိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)