စစ်ကိုင်း မတ် ၁၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော Fitness Dance နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို မတ်(၁၂)ရက်၊ နံနက်(၈)နာရီက စစ်ကိုင်းမြို့ပိုးတန်းရပ်ကွက်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မင်းသန်းက လူတစ်စုအားကစားမှ လူထုအားကစားအဖြစ် အမျိုးသမီးများပါဝင်လာစေရေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား Fitness Dance ပြိုင်ပွဲကို ခရိုင်များအနေဖြင့် အဆင့်မှီမှီယှဉ်ပြိုင်နိုင်ရေးအတွက် မိမိတို့မြို့နယ်များတွင်စနစ်တကျပြန်လည်လေ့ကျင့်ပေးနိုင်ရန် ကြိုတင်သင်တန်းပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း မိမိဒေသရောက်ရှိတဲ့အခါ မေ့မေ့လျော့လျော့ မနေကြဘဲ အမြဲတမ်းလေ့လာလေ့ကျင့်သွားကြပါလို့ အထူးမှာကြားလိုကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားကာ သင်တန်းနည်းပြဆရာများအား အမှတ်တရဂုဏ်ပြုလက်ဆောင်နှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသူများက လက်ခံပေးခဲ့ကြသည်။
အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ(၂၄)ရက်မှ မတ်လ(၁၂)ရက်နေ့အထိ (၁၇)ရက်ကြာသင်တန်းပို့ချပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း အားကစားမျိုးစုံများကို စဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်