သာပေါင်း မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စာအုပ်၊စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် များနှင့် ပူးပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသည့်"အတွေ့အကြုံနှင့် အတွေးအကြံ" စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်း က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်၏ အမှာစာများကိုဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ဆက်လက်၍(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိန်းက စာရေးဆရာ အောင်သင်း ရေးသားသည့်"အတွေ့အကြုံနှင့်အတွေးအကြံ"စာအုပ်ပါ"အတွေးအမြင်သဘောထားကြီးရင့်မှု“အကြောင်းအရာပါ စိတ်ထားမြင့်မြတ် ခွင့်လွှတ် တတ်သော၊ မနာလိုဝန်တိုမှုကင်းသော၊ သူ့ဘက်ကိုယ့်ဘက် မျှမျှတတဖြစ်အောင် စဉ်းစားတတ်သော သဘောဖြစ်ကြောင်း အားလုံး သိကြပြီး ဖြစ်ပါသည်။
‘ဗောင်းတော်လှံခတဲ့ ကျောင်းတော်က ရန်စ” ဟူသော ရှေးခေတ်က စကားပုံများသည် လည်းကောင်း၊“ဆေးလိပ်မီး တောင်းမရလို့ ရန်ငြိုးထား’ ဟူသော ယခုခေတ် ဟာသစကားပုံ များသည်လည်းကောင်း သဘောထားသေးသိမ်မှုကို ရှုတ်ချသော စကားများဖြစ်သည်ကိုလည်း အားလုံးသိကြပါသည်။
လူတစ်ဦးချင်း ဆက်ဆံကြရာတွင် သည်းခံခြင်း၊ သဘောထားကြီးခြင်း အထိုက်အလျောက် မရှိလျှင် ဆက်ဆံမှု ပျက်ပြားသွားတတ်သည်မှာလည်း သဘာဝပင် ဖြစ်ပါသည်။ယခု ကျွန်တော် တင်ပြလိုသည်မှာ လူမှုဆက်ဆံရေး နယ်ပယ်တွင် တစ်ဦးပေါ်တစ်ဦး သဘောထားကြီးရင့်မှုမျိုးကို ဆိုလိုခြင်း မဟုတ်ပါ။ အတွေးအမြင်၊ အယူအဆစသည်တို့တွင် သဘောထားကြီးရင့်မှု အရေးပါပုံ ကို သာ တင်ပြလိုခြင်း ဖြစ်ပါသည်။
ဤသို့ ဆိုလိုက်သောအခါ(ကျွန်တော်က စာပေရေးရာ ကိစ္စများတွင် မကြာခဏ ပဋိပက္ခ ဖြစ်နေတတ်ခြင်းကြောင့်) အောင်သင်းကသူနှင့် အတိုက်အခံဖြစ်နေသူတွေအားလုံးကို သိမ်းကျုံးပုတ် ခတ်ပြောဆိုတော့မည်ဟု ထင်စရာအကြောင်းရှိပါသည်။ အမှန်ကို ဝန်ခံရလျှင် တော့ ထိုသို့သော ကိစ္စများပေါ်ခဲ့ သောကြောင့်လည်း ဤဆောင်းပါးကို ရေးရန် အတွေးစဉ်ကြီး ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။စာပေရေးရာ သဘောထားကွဲလွဲမှုများကြောင့် ငြင်းခုံ ကြရာတွင် ကျွန်တော့်ကို တစ်ဦးချင်းဖြစ်စေ၊အုပ်စုလိုက် ဝိုင်းဝန်း၍ဖြစ်စေ၊ တိုက်ခိုက်ထိုးနှက် ကြသည်ကို မကြာခဏ ကြုံခဲ့ရပါသည်။စာပေသမားများသာမဟုတ်၊ ကာတွန်းဆရာ များကပါ ပလူပျံအောင် တိုက်ခိုက်ခဲ့ကြပါသည်။ ယခု စာရေးသည့်တိုင်အောင် “အသံမစဲ တိုက်ခိုက်ပွဲကြီး’ ကျင်းပနေ စသည်ဖြင့်/ဆက်လက်၍ လူငယ့်ဇွဲနှင့် ကျွန်ပညာ“ကုန်သွယ်မှုတံခါး ဖွင့်ပေးလိုက်ရင်၊ ဈေးကွက်စီးပွားရေးစနစ် လုပ်လိုက်ရင် တရုတ်၊ကုလားတွေလက်ထဲ ပြန်ရောက်ဦးမှာပဲ” သည်လိုပြောကြတော့ ကျွန်တော်က “ရောက်ရောက်ပေါ့၊ ဘာဖြစ်လဲ၊ ပြန်ယူပေါ့ .. ဤသို့ချည်း ပြန်ပြောပစ်ခဲ့ပါသည်။သည်စကားမျိုးကို ကြားလိုက်ရတော့ ရုတ်တရက် ကျွန်တော့်ကိုထပြီး ဆဲချင်သူတွေ ရှိကောင်းရှိပါလိမ့်မည်။ဆုံးအောင် နားထောင်ပြီးမှ ဆဲသင့်၊ မဆဲသင့် ဆုံးဖြတ်စေချင် ပါသည်။ စာရေးဆရာပါပဲဟု အမည်ရလာသည့်တိုင် ကျောင်းဆရာဘဝက ဉာဉ်မပျောက်သဖြင့် ကျွန်တော် စကားပြောလျှင်၊စာရေးလျှင် လူငယ်များကိုသာ အတွင်းစိတ်က အာရုံပြုနေမိ လေ့ရှိပါသည်။ ယခုလည်း လူငယ်များကို အာရုံပြုပြီး ပြောလိုက် ခြင်း ဖြစ်ပါသည်။ ဘယ်သူမဆို တိုးတက်ကြီးပွားချင်ကြသည်မှာ လူတို့၏ သဘာဝပင် ဖြစ်ပါသည်။ လူငယ်များ အဖို့မှာတော့ ပိုလို့ပင် စိတ်ဇောပြင်းထန်ပါသေးသည်။ ထို့ကြောင့် လူငယ်များ၏ ရည်မှန်းလှုပ် ရှားမှုများကို ကျွန်တော် သိမိမှတ်မိသမျှ ပြန်လည် စေ့ငုကြည့်မိပါသည်။
ဟိုး အင်္ဂလိပ်လက်အောက် ကိုလိုနီခေတ်ကဆိုလျှင် တက္ကသိုလ်ကျောင်းသားလူငယ်တို့၏ အိပ်မက်မှာ အိုင်စီအက်စ်၊ ဘီစီအက်စ် အစရှိသော အုပ်ချုပ်ခန့်ခွဲမှုဆိုင်ရာ ရာထူးကြီးများ ရနိုင်ရေး ဖြစ်သည်။ အိုင်စီအက်စ်ဆိုလျှင် မိုးကျရွှေကိုယ် လောက် ထင်မှတ်ကြသည့် ထိုခေတ်ကြီးကို သရော်သည့် အနေနှင့် ရေးထားခဲ့သည့် ဆရာ(ကြီး)တက်တိုး၏ “အိုင်စီ အက်စ် (ဦးမျိုးမျောက်)'ဝတ္ထုကို ယခုဤစာရေးနေရင်းနှင့်ပင် ပြန်လည်သတိရမိပါသေးသည်။ သူ့ခေတ် သူ့ကုန်ဈေးနှုန်းနှင့် တွက်ကြည့်လိုက်တော့ ငွေကြေးကလည်း မက်လောက်စရာ၊ သြဇာတိက္ကမကလည်း ကြီးပြန်လေတော့ မိုးကျရွှေကိုယ်ဟု အထင်ကြီးလောက်စရာလည်း ဖြစ်ပါပေသည်။ ထိုသို့သော မြို့အုပ်၊ ဝန်ထောက်၊ အတွင်းဝန်၊ အရေးပိုင်၊ မင်းကြီးရာထူးများကို တပ်မက်ကြသည်မှာ စစ်ပြီးလွတ်လပ်ရေးရပြီးသည့်တိုင် အငွေ့ကျန်နေခဲ့ပါသေးသည်။သို့သော် နောက်ပိုင်းတွင်တော့ ကုန်ဈေးနှုန်းတွေက တက်လာသဖြင့် သူတို့၏ လစာငွေတန်ဖိုးမှာလည်း ကျဆင်းလာခဲ့ရသည်။ သည်ကြားထဲတွင် အုပ်ချုပ်ရေးစနစ် အပြောင်းအလဲ ပေါ်လာလိုက်ပြန် သောအခါ သူတို့၏ လုပ်ပိုင်ခွင့် သြဇာအာဏာ ဆိုသည်မှာ သုညနီးပါးသို့ ရောက်လောက်အောင် ထိုးဆင်းသွား ပြန်တော့သည်။ဤသို့နှင့် ကိုယ့်ဘာသာကိုယ် ဝင်ငွေဖြောင့်ဖြောင့် စသည်ဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေးရာ အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာ ပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊ လူရွယ်များ၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)