ပဲခူး မတ် ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၌ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်အတိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ လုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများ စိတ်အမောပြေနိုင်စေရေးနှင့် စုစည်းပေါင်းစု ပျော်ရွှင်မှုဆိုသည့် မိသားစုအသွင်သဏ္ဍာန်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်အကျနေမှစ၍ သင်္ကြန်အကြတ်နေ့အထိ ဖျော်ဖြေရေးဗဟိုမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခင်နှစ်အတိုင်း လမ်းလျှောက်သင်္ကြန်နှင့် ဌာနဆိုင်ရာ စတုဒီသာမဏ္ဍပ်များလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်နှင့်ယိမ်း ခွဲခြားမရသဖြင့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ သင်္ကြန်ယိမ်း ယှဉ်ပြိုင်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး ထိုက်တန်စွာ ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ် အတွက်လည်း ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးနှင့်ပတ်သက်၍ လည်း အထူးအလေးထား ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ ပါဝင်ယှဉ်ပြိုင်သွားမည့် အခြေအနေများကိုလည်း ကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးက ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီများ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဖတ်ကြားတင်ပြခဲ့ရာ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်သွားမည့် အခြေအနေများကို အသီးသီးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး၊ ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားကန့်တော့ပွဲများ၊ ပရိတ်တရားရွတ်ဖတ်ပူဇော်ပွဲများနှင့် နှစ်ဦးတရားသဘင် အခမ်းအနားများ ကျင်းပနိုင်ရေး ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)