မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် မကွေးမြသလွန်ဘုရားကုန်းတော်တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေး မတ် ၁၂

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အသီးသီးတွင် မြို့/ရွာသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်(စနေနေ့တိုင်း)စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီအချိန်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍  မကွေးမြို့မြသလွန်ဘုရားကုန်းတော်၌  စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ  ကြည့်ရှုအားပေးသည်။

စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ  စုပေါင်း၍ ဘုရားဖူးလာ ပြည်သူများ ဘုရားလာရောက်ဖူးမြော်ရာတွင် စိတ်ချမ်းမြေ့သာယာစွာ ဖူးမြော်နိုင်စေရန်ရည်ရွယ်၍ မကွေးမြသလွန် ဘုရားကုန်းတော်နှင့် ဘုရားသွားရာ လမ်းဘေးဝဲယာတစ်လျှောက်ရှိ မြက်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊  အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းခြင်းစသည့် စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးသည် အရေးကြီးပါကြောင်း၊ ဘုရားကုန်းတော်နှင့် လမ်းများသန့်ရှင်းနေပါက ဘုရားဖူးလာပြည်သူများ ဘုရားလာရောက် ဖူးမြော်ရာတွင် စိတ်ချမ်းမြေ့သာယာစွာ လာရောက်ဖူးမြော်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ရုံးဌာနများတွင် ရုံးအတွင်း ရုံးအပြင် သန့်ရှင်းသပ်ရပ်မှုရှိပြီး၊ ရုံးဌာန အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက အပတ်စဉ် (သောကြာနေ့တိုင်း) စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသလို၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြိုနယ်လုံးတွင် တိုင်းလုံးကျွတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ