မင်းဘူး မတ် ၁၂
ဝါးပင်သည် မြန်မာပြည်အနှံ့အပြားတွင် ပေါက်ရောက်သော သဘာဝပေါက်ပင်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံသည် ဝါးတောပေါက်ရောက်မှု အများဆုံးနိုင်ငံဖြစ်ပြီး အကျိုးရှိရှိ အသုံးချတတ်ပါက ရွှေကဲ့သို့တန်ဖိုးမြင့်အပင်အမျိုးအစားပင်ဖြစ်သည်။
ဝါးပင်သည် ရေညှိ၊ ရေမှော်မှတဆင့် ဖြစ်ပေါ်လာသောကြောင့် မြက်ကြီးပင်တစ်မျိုးဖြစ်ပြီး ဝါးပင်၏သုံးပုံတစ်ပုံအလေးချိန်ကို ဇီဝမြေဩဇာအဖြစ် ခြွေချပေးကာ မြေဩဇာ အထူးကောင်းမွန်ပေသည်။ ဝါးပင်သည် သဘာဝတရားအရ အခြားအပင်များ ရှင်သန်ရေးအတွက်လည်း အားပေးသော အပင်ဖြစ်သည်။ ဖုန်စုပ်ယူမှုအားကောင်းသည့်အပြင် ဝါးရွက်တွင်အဏုဇီဝပိုးမွှားများ ရှင်သန်ပေါက်ဖွားပြီး ထိုပိုးမွှားများ သည် အပင်များရှင်သန်ကြီးထွားရေးအတွက် အကောင်းဆုံး ဇီဝမြေဩဇာ ဖြစ် သည်။
ဝါးပင်သည် ကြီးမားသော ဝါးတောကြီးများဖြင့် ဖုံးလွှမ်းနေစေကာမူ အခြားအပင်များ ကြီးထွားခွင့်၊ စိုးမိုးခွင့်ကိုလည်း ပေးထားပေသည်။ ဝါးပင်ကို ကျောက်ခေတ်လူသားတို့က နေစရာနှင့် လက်နက်ပစ္စည်းများအဖြစ် အသုံးပြုကြသည်။ ဝါးပင်သည် ကမ္ဘာဦးအစကပင် လူသားများနှင့် ရင်းနှီးပြီးသား အပင်ဖြစ်ကာ နေစရာပေးသည်၊ စားစရာပေးသည်၊ အခြားအပင်များ စိုက်ပျိုးရန်အတွက် မြေဩဇာဖန်တီးပေး သည်။ မြေအောက်ရေကို ထိန်သိမ်းပေးပြီး မြေဆီလွှာများ မိုးရေနောက် ပါမသွားအောင် အမြစ်များက ထိန်းသိမ်းပေးသည်။
မြန်မာနိုင်ငံတွင် ဝါးမျိုးစုစုပေါင်း (၂၂)မျိုးနှင့် မျိုးစိတ်ပေါင်း ၁၂၀ခန့် ပေါက်ရောက်ပြီး ပင်လယ် ရေမျက်နှာပြင်(၃၀၀)နှင့်(၂၆၀၀)ခြားတွင် အများဆုံးတွေ့ရသည်။ အပူချိန် ၁၁ ဒီဂရီဖာရင်ဟိုက်မှ ၁၀၀ဒီဂရီ ဖာရင်ဟိုက်၊ မိုးရေချိန် ၃၁လက်မမှ ၂၅၄လက်မရှိ၍ ရေမဝပ်သောမြေနှင့် ဆားငံမြေမှလွဲ၍ ကျန်မြေများတွင် ရှင်သန်ပေါက်ရောက်နိုင်သည်။ ဝါးပင်သည် အခြားအပင်များထက် အောက်ဆီဂျင် ၃၅ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်ပြီး ဝါးတစ်ဟက်တာ စိုက်ပျိုးထားပါက ကာဗွန်တန် ၂၀၀၊ ဆာလဖာဒိုင်အောက်ဆိုဒ် တန်၆၀မှ ၉၀၊ ဖုန်မှုန့်တန် ၆၀ မှ ၉၀ထိ စုပ်ယူနိုင်ကြောင်း သိရသည်။
ဝါးစိုက်ပျိုးသူများသည် ဝါးကိုရေရှည်ခံအောင် ရိုးရာနည်း၊ ဆေးသွင်းနည်း၊ ဆေးစိမ်နည်း၊ ဝါးပေါင်းနည်းများဖြင့် ရေရှည်ခံအောင်ပြုလုပ်ပြီး ရောင်းချပါက သစ်နေရာတွင် ဝါးများနေရာရလာပြီး ဈေးကွက်ကောင်းတစ်ခုဖြစ်လာနိုင်သည်။ ဝါးစိုက်သောသူများသည် ဝါးပင်မျိုးပွားနည်းများသိထားပါမှ ဝါးမျိုးများလည်းရောင်းချနိုင်ပေမည်။ ဝါးစိုက်ပျိုးခြင်းသည် ရာသီပေါ်သီးနှံများထက် ဝင်ငွေပိုရနိုင်ပြီး မြေဆီလွှာဆုံးရှုံးမှုကိုကာကွယ်နိုင်သည့်အပြင် ဝါးရွက်များက မြေဆီလွှာဖြစ်ထွန်းစေခြင်း၊ မြေအောက်ရေကို ထိန်းသိမ်းနိုင်ခြင်း၊ ရာသီဉတုဒဏ်ကို ကြောက်စရာမလိုပဲ ဓာတ်မြေဩဇာကျွေးစရာမလို၊ ပိုးသတ်ဆေး ဖျန်းစရာမလိုပေ။ ထို့ကြောင့် ဝါးစိုက်ပျိုးခြင်းသည်ကုန်ကျမှုစရိတ် သက်သာကာ ကုသိုလ်လည်းရ ဝမ်းလည်းဝအပင်မျိုး ဖြစ်သောကြောင့် စိုက်ပျိုးသင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
ဇေယျာထက်(မင်းဘူး)