စလင်း မတ် ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် သရက်ချဥ်ကျေးရွာအုပ်စုတွင် တောင်သူများအနေဖြင့် ဆီစားသုံးမှုဖူလုံစေရန်နှင့် မိသားစုဝင်ငွေရရှိရန်အတွက် ယခုနှစ်တွင် စိုက်ပျိုးရေးကဏ္ဍကို အထူးဆောင်ရွက်ခဲ့ရာ သီးနှံမျိုးစုံစိုက်ပျိုးရင်းဖြင့် နေကြာများကို တိုးချဲ့ စိုက်ပျိုးလာကြပြီး နွေနေကြာကို သုတေသနအနေအဖြစ် ပြုလုပ်၍ စံပြစိုက်ခင်းတည်ထောင်ပြီး စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းကြောင်း သရက်ချဥ်ကျေးရွာ နေကြာစိုက်တောင်သူထံမှ သိရသည်။
စလင်းမြို့နယ်တွင် နေကြာစိုက်ပျိုးရာ၌ အများအားဖြင့် ရေဆင်း(၁)နေကြာများကို စိုက်ပျိုးခဲ့ကြပြီး၊ ယခုစိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း ၍ စိုက်ပျိုးရေးသုတေသနနေကြာစိုက်ခင်းတွင် သရက်ချဥ်ကျေးရွာ တောင်သူဦးမောင်မောင်လွင်စိုက်ပျိုးသည့် ဆင်းရွှေနေကြာ (၂)၊ ကွင်း အမှတ် (၄၄၂)၊ စိုက်ဧက (၆.၀၀)ဧက၊ စိုက်စနစ် (၂၄လက္မ၊ ၆လက္မ) ဖြင့် စိုက်ပျိုးရက် (၁.၂.၂၀၂၃) ရက်နေ့ကစတင်၍ စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းပြီး ယနေ့အထိ ရက်(၄၀) သာရှိ၍ အပင်ရှင်သန်မှုမြန်ဆန်ပြီး အောင်မြင်ဖြစ်ထွန်းကြောင်း၊ ဒေသအလိုက် မြေနေရာ အနေအထားကိုကြည့်၍ နေကြာကို သီးထပ်စနစ်ဖြင့် ဖေဖေါ်ဝါရီလအတွင်း စိုက်ပျိုးခဲ့ရာ ထယ်ရေးနှစ်ထပ်၊ ထွန်ရေးနှစ်ထပ် ထွန်ယက်ကာ အတန်းခြား စိုက်စနစ် ၂၄လက္မ၊ ၆လက္မခန့် ခြားကာ အတန်းလိုက်အစေ့ချစနစ်ဖြင့်လည်းကောင်း၊ ကျဲပက်၍လည်းကောင်း စိုက်ပျိုးနိုင်ပြီး၊ အတန်းလိုက်စိုက်ပျိုးခြင်းက အပင်များပေါက်ရောက်မှုနှုန်းစုံသည့်အပြင် အထွက်နှုန်းများလည်းပိုကြောင်း၊ အတန်းလိုက်အစေ့ချစိုက်ပျိုးလျှင် တစ်ဧကအထွက်နှုန်း တင်း၂၀ မှ ၃၅.၄၀ တင်းအထိ ထွက်ရှိနိုင်ကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး ကုန်ကျမှုနည်းပါးကာ ဆီ စားသုံးမှုဖူလုံသည့်အပြင် မိသားစုဝင်ငွေပိုတိုးကာ စီးပွားရေးအဆင်ပြေလာကြမည်ဖြစ်၍ စိုက်ပျိုးသင့်သည့် ဆီထွက်သီးနှံတစ်မျိုးဖြစ်ကြောင်းကို သရက်ချဥ်ကျေးရွာတောင်သူ ဦးမောင်မောင်လွင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)