ကုလားပဲစိုက်ပျိုးရောင်းချသူများဈေးနှုန်းကောင်း၍အဆင်ပြေ

မြင်းမူ  မတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊   မြင်းမူမြို့နယ်အတွင်း   စိုက်ပျိုးထားရှိသည့် ကုလားပဲများ စတင်ရိတ်သိမ်းခြွေလှေ့ရောင်းချလျက်ရှိရာ အထွက်ကောင်းမွန်ခြင်းနှင့် ဈေးနှုန်းကောင်းမွန်ခြင်းကြောင်း တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေသခံတောင်သူများအနေဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်သည့် (၉၂၂) မြန်မာမျိုးဒေသ အခေါ် (အနီ)မျိုးများကို အများအပြားစိုက်ပျိုးကြကြောင်း၊ ကုလားပဲ(၁)ဧကလျှင် ကုန်ကျစရိတ် အနေဖြင့် မျိုး(၃)တင်းအပါအဝင် တောင်သူစရိတ်၊ ဆေးဝါးအသုံးပြုခ၊ နှုပ်သိမ်းအပြီး ငွေကျပ် (၅၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၁)ဧကပျှမ်းမျှ တင်း(၄၀)ထွက် ရှိကြောင်း၊ ယခုလက်ရှိကုလားပဲ(၁)တင်းဈေးမှာ ငွေကျပ်(၆၀၀၀၀)ဈေးရရှိ၍ အရင်းနှုတ်ပြီး အမြတ်ငွေ(၁၈)သိန်းကျော်ရရှိကြောင်း၊ မြင်းမူမြို့တပင်ရွှေထီးရပ် ကုလားပဲစိုက်ပျိုးသူ တောင် သူ ဒေါ်စန်းစန်းထံမှသိရသည်။

မြင်းမူမြို့နယ်အနေဖြင့် ပဲမျိူးစုံဧက(၃၇၀၂၅)ကိုစိုက်ပျိုးခဲ့ပြီး ကုလားပဲစိုက်ဧက (၁၄၅၄၀) ရှိကြောင်းတာဝန်ရှိသူထံမှ သိရသည်။

အောင်စိုးဖေ(မြင်းမူ)