ပုသိမ် မတ် ၁၂
နေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့သည့် ပဉ္စမအကြိမ်မြောက် “အသုံးချသုတေသနများမှသည် ဖွံ့ဖြိုးတိုးတက်သောစိုက်ပျိုးရေးကဏ္ဍဆီသို့” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲတွင် ပထမဆုရရှိခဲ့သော ဝန်ထမ်းအားဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၀ ရက်နေ့ ည(၇:၃၀)အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင်က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော စိုက်ပျိုးရေးသုတေသနစာတမ်းဖတ်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမိုးမင်းနိုင်က စိုက်ပျိုးရေးသုတေသနစာတမ်းဖတ်ပွဲတွင် ပထမဆုရရှိခဲ့သူ ပုသိမ်မြို့နယ်၊ သရောင်းချောင်းစိုက်ပျိုးရေးမျိုးသန့်ခြံမှ လက်ထောက်ဦးစီးမှူးဒေါ်ကြည်ကြည်ဦးအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှူးဦးစိန်မောင်မြင့်က ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ခဲ့ကြသည်။ ဆုချီးမြှင့်အပြီးတွင် သရောင်းချောင်းစိုက်ပျိုးရေးမျိုးသန့်ခြံမှ လက်ထောက်ဦးစီးမှူး ဒေါ်ကြည်ကြည်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန်