ဘီးလင်း မတ် ၁၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထီးဆောင်း ဒုတိယဒီပ ဒေါက်တာနာဂဒီပ ဆရာတော်အရှင်သူမြတ် ဦီးဆောင်ညွှန်ကြားမှုဖြင့် တည်ဆောက်ပြီးစီးခဲ့သော ဆံတော်ရှင်စေတီတော်များသို့ အဝင်မုခ်ဦး၊ မုခ်ဝဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် (၉:၃၀)နာရီက ကန်သာယာရပ်ကွက်ရှိ အဆိုပါမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်သည်။
မုခ်ဦးမုခ်ဝ ဖွင့်ပွဲအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျိုက်ထီးဆောင်းဒုတိယဆရာတော်အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ကမ္ဘာ့ငြိမ်းချမ်းရေးပါရဂူ ဂုဏ်ထူးဆောင်ဒေါက်တာဘဒ္ဒန္တနာဂဒီပမှ သာဇီဝသာသနာ့မြို့တော်ဟောင်း ကျိုက်ထီးဆောင်း သုဝဏ္ဏဘုမ္မိ ဆကေသမဟာဓာတုဝင် ကျိုက်ထီးဆောင်း ဆံတော်ရှင်နှင့် ဆံတော်ရှင်စေတီတော်များသို့ သွားလာနိုင်ရန် ဂဝံမုခ်ဦးမုခ်ဝပြန်လည် တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းမိန့်ကြားခဲ့သည်။
ထို့နောက် ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်က ဘီးလင်းမြို့နယ်ကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မုဒိတာစကားလျှောက်ထားခဲ့သည်။
ယင်းနောက် မုခ်ဦးမုခ်ဝ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကျိုက်ထီးဆောင်းဒုတိယဒီပဆရာတော်အဂ္ဂမဟာသဒ္ဒမ္မဇေတိကဓဇ ကမ္ဘာ့ငြိမ်းချမ်းရေးပါရဂူ ဂုဏ်ထူးဆောင်ဒေါက်တာဘဒ္ဒန္တနာဂဒီပနှင့် ဖိတ်ကြားထားသော ဆရာတော်များက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဂဝံမုခ်ဦးမုခ်ဝရှိ မော်ကွန်းကမ္ဗည်းအား အမွှေးနံ့သာရေဖြင့် ပတ်ဖျန်းပေးခဲ့ပြီး ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)