စလင်း မတ်လ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပန်းတောကျေးရွာအုပ်စု၊ မြောင်းဂွကျေးရွာသည် စလင်းချောင်း၏မြောက်ဘက် နွယ်တမယ်သရက်ချဥ် ကားလမ်းမဘေးတွင် အိမ်ခြေ (၁၂၈) အိမ်၊ လူဦးရေ (၅၇၆) ဦး တို့ဖြင့်တည်ရှိပြီး ကျေးရွာနေပြည်သူများမှာ တောင်သူအလုပ်ကို လုပ်ကိုင်ရင်းဖြင့် လယ်ယာလုပ်ငန်းများနှင့် အတူ ဘိုးဘွားအစဥ်အဆက် မိရိုးဖလာ မိသားစုတနိုင်တပိုင်လုပ်ငန်းအဖြစ် မြေအိုးလုပ်ငန်းကို ထိန်းသိမ်းလုပ်ကိုင်ရောင်းချပြီး မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြေအိုးလုပ်ငန်းကို လုပ်ကိုင်ရန် မိမိတို့၏လယ်မြေများမှ လှည်းများ၊ ထွေလာဂျီများ၊ သုံးဘီးများဖြင့် မိုးစပါးများရိတ်သိမ်း၊ ခြွေလှေ့အပြီး မိမိတို့၏နေအိမ်များတွင် မြေကြီးများကို စုဆောင်း၍ အိုးအကြမ်းထည်များလုပ်ကိုင်ထားရှိပြီး နေအိမ်များအတွင်း၌ လေမတိုး နေမပူအောင် ထားရှိမှသာလျင် လေကြောင်းမလိုက် မအက်ကွဲ ပို၍ခိုင်ခန့်ကြောင်း သိရသည်။ သောက်ရေအိုး သဲကမ်းအိုးများကို အကြမ်းထည်များပြုလုပ်ပြီးမှသာ ချောင်းသဲများအား လယ်မြေများဖြင့် ဖျော်စပ်၍ ရေအိုးအတွင်းအပြင်သုတ်ပြီး အရိပ်ထဲတွင် အခြောက်ခံပြီးမှ မိမိတို့ကျေးရွာပတ်ဝန်းကျင်နှင့် ဘုရားအနီးတွင် နှစ်ညတာမီးဖုတ်ရကြောင်း၊ မီးဖုတ်ရာတွင် ထင်းကိုအသုံးမပြုရဘဲ စပါးခွံ၊ သစ်ခွံ၊ ကောက်ရိုးများကို အသုံးပြု၍ မီးဖုတ်ပြီးတစ်ရက်ထား၍ ညနေပိုင်းတွင် မြေအိုအချောထည်များ ရရှိကြောင်း ပြုလုပ်သည့် အိုးများမှာ သဲသောက်ရေအိုး၊ မြူအိုး၊ ထန်းရေအိုး၊ ဟင်းချက်အိုးတို့ဖြစ်ပြီး အိုးများအား တပိုတွဲတပေါင်းလများတွင် လုပ်ကိုင်သည့် သဲသောက်ရေအိုးမှာ လူကြိုက်များ၍ အရောင်းရဆုံးဖြစ်ကာ ရှောက်တော၊ ပွင့်ဖြူ၊ ဆိပ်ဖြူနှင့် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဝယ်ယူခြင်း ဖောက်သည်ပေးရကြောင်း သိရသည်။
မြောင်းဂွကျေးရွာမှ ပြုလုပ်သည့် သောက်ရေအိုး ရေအိုးတစ်လုံးလျင် ဖောက်သည်စျေးအဖြစ် တစ်လုံး ၂၅၀၀ ကျပ်၊ မြူအိုးတစ်လုံးလျင် ၃၅၀ ကျပ်၊ ခတ်အိုးအချော တစ်လုံးလျင် ၁၀၀၀ ကျပ် ရောင်းချရကြောင်း မိသားစုအိမ်တွင်း အရိပ်ထဲ တစ်ပိုင်တနိုင်ပြုလုပ်ရောင်းချသည့် အိမ်ခြေ (၆၀) လောက်ပြုလုပ်ရောင်းချကြောင်း အပိုဝင်ငွေလည်းရ၊ စီးပွားရေးအဆင်ပြေ ကြောင်း မြေအိုးလုပ်ငန်းလုပ်ကိုင်ရောင်းချသူ ဦးဝညိုထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)