ကံမ မတ် ၁၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ကံမမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု ကိုင်းဒေါင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးခင်ဝင်းဇော်က ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးတင်အောင်ဝင်းက လူဦးရေကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှု အခြေအနေများအား ပြောကြားကြပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်၍ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ပြန်/ ဆက်)