မော်လမြိုင် မတ် ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်နိုင်ရန် ထူးချွန်သောဂေါက်သီးရိုက် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာ စကား ပြောကြားရာတွင် မွန်ပြည်နယ်အနေဖြင့် ပြည်နယ်ရဲ့ အားကစားအဆင့် အတန်းတိုးတက် မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံမှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဂေါက်သီးရိုက် အားကစားနည်းသည် ပျော်ရွှင်မှုများ ရရှိနိုင်စေခြင်း၊ သက်တူရွယ်တူ အချင်းချင်း အားပေးဖော်များ ကောင်းမွန်စေခြင်း၊ အသင်းအဖွဲ့နှင့် နေတတ်ခြင်း၊ ကောင်းသောယှဉ်ပြိုင်လိုစိတ် အလေ့အထကို ရရှိစေခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြသူများ ၊ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိ သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ဂေါက်ကွင်းကိုရေရှည် တည်တံ့ ပိုမိုကောင်းမွန်အောင် အထူးအလေးထား ဆောင်ရွက်ပေးကြပါလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများမှ ၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲကို smoke ball ရိုက်၍ စတင်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားများ ယှဉ်ပြိုင်နေမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း(၁၉)သင်းမှ အားကစားသမား (၂၂၀)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)