စစ်တွေ မတ် ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ကျေးဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေး တင်ပြကြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ညှိနှိုင်းဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည်အဆိုပါ အစည်းအဝေးခန်းမ၌ သမဝါယမဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်းသမဝါယမစနစ်ဖြင့် နွားမွေးမြူရေး လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းမှရရှိသော စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာ ထုတ်ယူသုံးစွဲနိုင်ရေးဆွေးနွေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၊ စစ်တွေမြို့သို့ သွားရောက်ပြီး သင်တန်းကျောင်းမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ သင်တန်းကျောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ရိုးရာအဝတ်အထည်များကို ရက်လုပ် နေသည့် ကျောင်းဖြစ်သည့်အတွက် ကြိုးစားလုပ်ကိုင်ကြရန် မှာကြားသည်။ ထို့နောက် ကျောင်းတာဝန်ခံက ကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များနှင့် သင်တန်းများဖွင့်လှစ်သင်ကြားနေမှုတို့ကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်းအတွင်း သင်တန်းသူများအား လက်ရက်ကန်း၊ စက်ရက်ကန်းများ သင်ကြားပို့ချရက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် စစ်တွေမြို့နယ်၊ ကျက်တောပြင်ကျေးရွာတွင် အိမ်တိုင်ရာရောက် ရေပေးရေးလုပ်ငန်းအားလည်းကောင်း၊ ပျားလည်ချောင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ ကံ့ကော်ကျွန်းကျေးရွာတွင် အိမ်တိုင်ရာရောက် ရေပေးရေး လုပ်ငန်းများအားလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)