ဇီးကုန်း မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ တောင်ညိုဆည်နှင့် ဘော်ဘင်ဆည်တို့မှ ပို့လွှတ်သောဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိရာ ယမန်နေ့အထိ (၃၄၃၃)ဧက စိုက်ပျိုးပြီးစီး၍ လျာထားစိုက်ဧကပြည့်မီကျော်လွန်နိုင်ရေး၊ တောင်သူများ၏လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ဇီးကုန်းမြို့နယ်တွင် တောင်ညိုဆည်နှင့်ဘော်ဘင်ဆည်တို့မှ ပို့လွှတ်သောဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နွေစပါးလျာထားစိုက်ဧက(၆၄၅၇)တွင် ယမန်နေ့အထိ (၃၄၃၃)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ရက် ၉၀ စပါးမျိုး၊ ထိုင်းနှံကောက်၊ ရတနာတိုး၊ GW-11၊ ဆင်းသုခနှင့် မှော်ဘီ-၃ စပါးမျိုးများကို အများဆုံး စိုက်ပျိုးထားရှိကြောင်းနှင့် လိုအပ်သောမျိုးစပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပံ့ပိုးပေးလျက်ရှိကြောင်း၊ ဆည်ရေရရှိရေးတောင်သူများ၏လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ညှိအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဇီးကုန်းမြို့နယ်တွင် မိုးစပါး၊ နွေစပါး နှစ်သီးစိုက်(၁၇၃၆)ဧကနှင့် မိုးစပါး၊ ဆောင်းသီနှံ၊ နွေစပါး သုံးသီးစိုက်(၄၇၂၁)ဧကရှိကြောင်းနှင့် လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ပြန်/ဆက်