စစ်ကိုင်းမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပေး

စစ်ကိုင် မတ် ၁၀

စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲနှင့် လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ပိုင်းက စစ်ကိုင်းခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ပြည်သူများ/ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မီးလောင်ရသည့်ဖြစ်စဉ်နှင့် မီးလောင်ရသည့်အကြောင်းအရင်းများ၊ မီးလောင်ရာတွင် လက်တွေ့လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ အဓိကအားဖြင့် မိမိတို့နေ့စဉ် အသုံးပြုဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးခလုတ်/မီးကြိုးများကို မကြာမကြာ စစ်ဆေးပေးကြဖို့လိုကြောင်းစသည်ဖြင့် ဆွေးနွေးကာ မီးငြိမ်းသတ်နည်းများကို ဝန်ထမ်းများအား လက်တွေ့ရှင်းလင်းပြသပေးခဲ့ပြီး ဝန်ထမ်းများကလက်တွေ့ကိုင်တွယ် မီးငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင်းလင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် အများပြည်သူများနှင့် သက်ဆိုင်သည့် ရုံးများ၊ ကျောင်းများ၊ ပြည်သူ့ဆေးရုံများနှင့် ဈေးကြီးများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်တွေ့မီးငြိမ်းသတ်နည်း အဆင့်ဆင့်တို့က စဉ်ဆက်မပြတ် လိုက်လံဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)