ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ပုသိမ် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ မတ်လ ၈ ရက်နေ့ညနေပိုင်းက ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ၊ ငွေကျား  ဆီကြိတ်စက်လုပ်ငန်းသို့ နေကြာဆီ ကြိတ်ခွဲထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆီကြိတ်စက်ပိုင်ရှင်မှ နေကြာကုန်ကြမ်းရရှိမှု၊ ကြိတ်ခွဲထုတ်လုပ်မှုနှင့် နေကြာဆီဒေသတွင်း ဖြန့်ဖြူးမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာသီးနှံအား တိုးချဲ့စိုက်ပျိုးထားရှိကြောင်း၊ နေကြာ ရိတ်သိမ်းနေချိန်ဖြစ်၍ ကုန်ကြမ်းများ ပိုမိုထွက်ရှိလာမှာဖြစ်ကြောင်း၊ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် နေကြာဆီများ ထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီ ဆီကြိတ်စက်များနှင့် နေကြာဆီများ ပိုမိုထုတ်လုပ်နိုင်ရေး မှာကြားခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မတ်လ ၉ ရက်‌နေ့နံနက်ပိုင်းက ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ညောင်တုန်းမြို့ နယ်အတွင်းရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစိုက်ဧက (၁၂၄၀၀)အား ဝယ်ယူကြိတ်ခွဲသူအစု အဖွဲ့အနေဖြင့် ဆောင်ရွက်သည့် ညောင်တုန်းမြို့၊ ခွန်အားဆန်စက်သို့ သွားရောက်၍ တောင်သူများမှ ဆန်စက်သို့ နွေးစပါးများ ပြန်လည်ပေးသွင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေးစပါးအထွက်တိုးမှုအခြေအနေများ၊ သွင်းအားစု ထောက်ပံ့ငွေများ ပြန်လည်ပေးသွင်းမှုအခြေအနေများ မေးမြန်းဆွေးနွေးခဲ့ပြီး တစ်သီးစိုက်မှ နှစ်သီးစိုက်၊ နှစ်သီးစိုက်မှ သုံးသီးစိုက်သို့ တိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေး ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဆန်စပါးကြိတ်ခွဲနေမှုများ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကာ အရည်အသွေးမြင့် ဆန်များ ကြိတ်ခွဲထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်း ဈေးကွက်သာမက ပြည်ပဈေးကွက်များသို့ပါ တင်ပို့ရောင်းချနိုင်ရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၂)မှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ညောင်တုန်းမြို့၊ အမှတ်(၃) ရပ်ကွက်၊  (၁၄)လမ်းနှင့်(၁၆)လမ်းကြား မြစ်ကမ်းပါးနိမ့်ကျရေး ကာကွယ်ရေးလုပ်ငန်း အလျား (၈၀၀)ပေ တည်ဆောက်ရေး လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် မိုးမကျမီ အချိန်မီပြီးစေရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထားလိုက်နာဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် ညောင်တုန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)