မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော သနပ်ခါးအား စွယ်စုံသုံးပစ္စည်းတစ်မျိုးဖြစ်၍ တောင်သူများ တိုးချဲ့စိုက်ပျိုးလာ

မင်းဘူး မတ် ၉

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော မြန်မာ့သနပ်ခါးသည် အမျိုးသမီးများ လိမ်းကြံ ခြယ်သရာတွင် အသားအရည်ကို အေးမြစေပြီး စိုပြည်ဝင်းဖန့်၍ လှပစေသည့်အပြင် စွယ်စုံသုံးပစ္စည်းတစ်မျိုးဖြစ်တာကြောင့် အခြားစားကုန်သောက်ကုန် သီးနှံများနည်းတူ တောင်သူများ တိုးချဲ့စိုက်ပျိုးလာကြကြောင်း  သိရသည်။

ရှေးမြန်မာဘုရင်များ လက်ထက်မှ စတင်ကာ မြန်မာအမျိုးသမီးလေးများ ခုံမင်နှစ်သက်စွာ လိမ်းကြံခြယ်သ၍ သုံးစွဲခဲ့ကြသော မြန်မာ့သနပ်ခါးသည် ယခုခေတ်ပေါ် အလှကုန်ပစ္စည်းကိရိယာများ အဆန်းအပြားများစွာ ဘယ်လောက်ပင် ဝင်ရောက်စေကာမူ မြန်မာ့သနပ်ခါးကိုတော့ ကွယ်ပျောက်သွားအောင် စွမ်းဆောင်နိုင်ဦးမည် မဟုတ်ပေ။

သနပ်ခါး၏ဂုဏ်အင်္ဂါ

မြန်မာ့သနပ်ခါးသည် သင်းပျံ့သောရနံ့နှင့် ပြည့်စုံသည့်အပြင် လိမ်းကြံခြယ်သူရဲ့ အသားအရေကို စိုပြည်ဝင်းဖန့်၍ လှပစေခြင်း၊ ချောမွတ်စေခြင်း၊ အေးမြစေခြင်း၊ စိတ်ကြည်လင် လန်းဆန်းစေခြင်း၊ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း စသောဂုဏ်အင်္ဂါများနှင့်ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမ များအဆုံး လက်လွတ်မခံဘဲ လိမ်းခြယ်ခဲ့ကြသည်။ မြန်မာမိန်းကလေးများသည် ရေချိုးပြီးတိုင်း သနပ်ခါးကို ခုံခုံမင်မင် နှစ်နှစ်သက်သက် လိမ်းခြယ်ကြသလို ဘုရားသွားကျောင်းတက် အလှူမင်္ဂလာ ပွဲလမ်းသဘင်များရှိလျှင် လည်း သနပ်ခါးကို လိမ်းခြယ်သွားကြသည်။

ဆေးဖက်ဝင်ပုံ

သနပ်ခါးသည် အပူကြောင့်ဖြစ်သော ဝေဒနာ၊ အအေးကြောင့်ဖြစ်သောဝေဒနာ နှစ်မျိုးစလုံးအတွက် သွေးပြီး လိမ်းကြံခြင်းဖြင့် ကိုယ်တွင်းရှိ အခိုးများထွက်ကာ ရောဂါပျောက်ကင်းသည့်အပြင် အပူဒဏ်ကို ကာကွယ်ပေး သောကြောင့် နေပူထဲတွင် အလုပ်လုပ်သူများ သနပ်ခါးကို လိမ်းထားခြင်းဖြင့် အပူဒဏ်မှသက်သာစေသည်။ ခေါင်ကိုက်၊ ခေါင်းအုံ၊ ဇက်ကြောတက်၊ နှာခေါင်းပိတ်ခြင်းတို့အတွက် သနပ်ခါးကို သွေးပြီးရှူပေးခြင်းဖြင့် ဝေဒနာသက်သာစေသည်။ အမျိုးသမီးများ မီးယပ်ရောဂါအတွက် နနွင်းနှင့်သွေးပြီး လိမ်းပေးရသည်။ အမျိုးသမီး ရောဂါကြောင့် ခေါင်းကိုက်ပြီး ကိုယ်အမြဲပူနေလျှင် သနပ်ခါးကို ကံ့ကော်ဝတ်ဆံနှင့် ရောသွေးပြီး သကြား အနည်းငယ်ထည့်ကာ တိုက်ကျွေးနိုင်သည်။ အမျိုးသားများ ဆီးကြောင့်ဖြစ်တတ်သည့် ခေါင်းအုံ၊ ခေါင်းကိုက်၊ သွားကိုက်၊ မျက်စိဝေဝါးခြင်းတို့ကို သနပ်ခါးမြစ်သွေးပြီး သောက်ပေးရသည်။

မြတ်ဘုရားအားရည်မှန်းပူဇော်

မြန်မာမိန်းကလေးများက သနပ်ခါးတုံးကို အလျားလိုက် လိမ်းကြသော်လည်း နန်းတွင်းသူ မိန်းမပျိုလေးများက ပို၍နူးညံ့သော သနပ်ခါးနှစ်ကိုရရှိရန် သနပ်ခါးတုံးကိုထောင်၍ သွေးကာ လိမ်းခြယ်ကြသည်ဟုဆိုကြသည်။ ထို့အပြင် မြန်မာမိန်းကလေးများသည် သနပ်ခါးနှစ်များကို ခြောက်သွေ့စေရန် နေလှန်းပြီး နုညက်လှသော အမှုန့်များပြုလုပ်ကာ ပေါင်ဒါသဖွယ် အသုံးပြုကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတစ်ခွင်တွင် မီးပုံပွဲများ၌ မြတ်စွာဘုရားရှင် အား ရည်မှန်း၍ သနပ်ခါးဖြင့်ပူဇော်သည့် အလေ့အထရှိကြသည်။ ထိုအလေ့အထ များကို ပုဂံခေတ်မှစ၍ အစပျိုးကြသည်။

ပြုလုပ်သုံးစွဲပုံ

သနပ်ခါးသားသည် မာကျော၍ အဝါရောင်ရှိသည် ကျစ်လျစ်သိပ်သည်းသော ကြောင့် အခြောက်ခံထားသော သနပ်ခါး ၁ ကုဗပေလျှင် ၆၁ ပေါင် အလေးချိန်စီးသည်။ ထိုကြောင့် ယင်းအသားဖြင့် ဆီကြိတ်ဆုံ၊ ဝန်ရိုးနှင့် စပါးထောင်းသည့် မောင်းအပြင် ပွတ်ထိုးရာတွင်လည်းကောင်း၊ ပန်းပုထုလုပ်ရာတွင်လည်းကောင်း၊ အတိုင်းအတာကိရိယာအဖြစ် ပြုလုပ်သုံစွဲရာတွင်လည်း သနပ်ခါးသားဖြင့် ပြုလုပ် သုံးစွဲကြသည်။

ရောနှောပေါက်ရောက်

သနပ်ခါးပင်ကို ရုက္ခဗေဒ အမည်အားဖြင့် လင်မိုနီယားအက်ဆစ်ဒီစီမား ဟုခေါ်၍ သီး၊ ဥသျှစ်၊ လိမ္မော်၊ ရှောက်၊ သံပုရာ၊ ပျဉ်းတော်သိမ်၊ တို့နှင့်တစ်မျိုးတည်း‌ဖြစ်ကာ သန်း၊ ဒဟတ်၊ ထနောင်း၊ ဆီးဖြူ၊ ရှား၊ တယ်ပင်၊ ခံပင်များနှင်ရောနှော ပေါက်ရောက်တတ်သည်။ အပင်လုံးပတ်မှာ သုံးပေခန့်အထိ ကြီးထွားနိုင်သော အပင် ငယ်တစ်မျိုးဖြစ်၍ ရွက်ကြွေပင် အမျိုးအစားတွင် ပါဝင်သည်။

သနပ်ခါးကိုတိုးချဲ့စိုက်ပျိုး

သနပ်ခါးပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသော်လည်း ပူပြင်းခြောက်သွေ့သော အလယ်ပိုင်းအညာဒေသတွင် ပို၍ ဖြစ်ထွန်းသည်။ အများဆုံး စိုက်ပျိုးသောမြို့မှာ အရာတော်မြိုဖြစ်ပြီး ဧကတစ်သိန်းကျော် စိုက်ပျိုးကာ မြန်မာတစ်နိုင်ငံလုံးရှိ သနပ်ခါးစိုက်ဧက၏ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းခန့် စိုက်ပျိုးထားကြောင်း သိရသည်။ အခြားထပ်မံ စိုက်ပျိုးထားကြသည့်မြို့များမှာ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရွှေဘို၊ ဘုတလင်၊ ယင်းမာပင်၊ မုံရွာ၊ မြင်းမူ၊ ပေါက်မြို့တို့တွင်လည်း စိုက်ပျိုး၍ အခြားမြို့နယ်များတွင်လည်း တိုးချဲ့ စိုက်ပျိုးလာ ကာ သနပ်ခါးစိုက်ဧက သုံးသိန်းကျော်ရှိကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)