မာန်အောင်မြို့မှ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်‌တော်ရ ဆရာတော်ဘဒ္ဒန္တတိက္ခဉာဏအား ဂုဏ်ပြုကြိုဆို

မာန်အောင် မတ် ၈

နိုင်ငံတော်မှ ဆက်ကပ်ချီးမြှင့်သော ဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်အား ယူဆောင်၍ စစ်တွေမြို့မှ ပြန်လည် ကြွချီ‌တော်မူလာသော မာန်အောင်မြို့ မြို့မကျောင်းကြီးမှ ဆရာတော်ဘဒ္ဒန္တတိက္ခဉာဏအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက် ၈ နာရီက မြို့မသင်္ဘောဆိပ်ကမ်း၌ ပြုလုပ်သည်။

ဘွဲ့တံဆိပ်တော်ရဆရာတော်အား မြို့နယ်အတွင်းရှိသံဃာတော်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မကျောင်းကြီးဒါယကာ၊ ဒါယိကာမများ၊ ပြည်သူများက သင်္ဘောဆိပ်ကမ်းမှ ဂုဏ်ပြုကြိုဆိုကြပြီး အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် သင်္ဘောဆိပ်ကမ်းမှ ဦးဥတ္တမလမ်း၊ ရုံးတက်လမ်းအတိုင်းလှည့်လည်အပူဇော်ခံကာ မြို့မကျောင်းကြီးသို့ ပင့်ဆောင်၍ ဆရာတော် ဘဒ္ဒန္တတိက္ခဉာဏအား ဂုဏ်ယူဝမ်းမြောက်စွာ ပူဇော်ကြည်ညိုကြပြီး ဆရာတော်ထံမှ သြဝါဒခံယူခဲ့ကြသည်။

ဆရာတော်ဘဒ္ဒန္တတိက္ခဉာဏသည် မာန်အောင်မြို့နယ် ကုန်းတန်းကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒ၊ မြို့မကျောင်းကြီး စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဣဿရိယ၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ကျောင်းဆရာတော် ဘဒ္ဒန္တသုန္ဒရ အစရှိသောဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူခဲ့၍ ပထမကြီးတန်း၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ ဝိနယဝိဒူဘွဲ့တို့ကို ရရှိခဲ့သည်။ ယခုအခါ သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်ဆရာတော်အဖြစ် သာသနာ့တာဝန်များကိုထမ်းဆောင်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းသော ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်မြတ်ကိုအလှူခံရရှိတော်မူခြင်းဖြစ်သည်။

သိန်းဖေ(ပြန်/ဆက်)