မော်လမြိုင် မတ် ၈
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို မတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသမီးနှင့်အမျိုးသား တူညီသောအနာဂတ် ရရှိစေရေးအတွက် စစ်မှန်သော တန်းတူညီမျှမှုရှိစေရေး၊ ခွဲခြားပစ်ပယ် ခြင်းကင်းစေရေးတို့ကို ဆောင်ရွက်ရမှာ ဖြစ်ပြီးစစ်မှန်သောတန်းတူ ညီမျှမှုရှိစေရေးအတွက် အမျိုးသမီးနဲ့အမျိုးသမီးငယ်များ တစ်ဦးချင်း တန်ဖိုးကို အသိအမှတ်ပြု၍ မိသားစု၊ ရပ်ရွာနဲ့ လူ့အဖွဲ့အစည်းအတွက် ၎င်းတို့ရဲ့တန်ဖိုးရှိမှုများလည်း အသိအမှတ် ပြုရမှာဖြစ်ပြီး လူတစ်ဦး တစ်ယောက်၏ ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကိုတန်ဖိုးထားမှုကို မြှင့်တင်ပေးခြင်း၊ လူမှုရေးအရခွဲခြားမှု၊ ဖယ်ကျဉ်မှုတွေကို ရှောင်ရှားရမှာဖြစ်ပြီး အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရား တစ်ခုဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ဒေသဆိုင်ရာ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းပြီး အမျိုးသမီးအရေးများကို ဘက်စုံထောင့်စုံမှ ကြိုးပမ်းဖော်ဆောင်လျက်ရှိကြောင်း၊ ကဏ္ဍစုံမှ အမျိုးသားများနှင့်ရင်ပေါင်တန်းပြီး ပါဝင်ဆောင်ရွက်နိုင်ဖို့ အမျိုးသမီးတိုင်း စာတတ်မြောက်ရေး၊ အသိဉာဏ်ဖွံ့ဖြိုးရေး၊ ဗဟုသုတပြည့်စုံစေရေး၊ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝရေးကို ရှေးရှုပြီး လေ့လာအားထုတ်ကြရန်နှင့် ခေတ်အဆက်ဆက် စွမ်းရည်ထက်မြက် ကြသော မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှုတွေကို အတုယူပြီး မျိုးဆက်သစ် မြန်မာအမျိုးသမီးများ ဘဝလုံခြုံမှုနှင့် စွမ်းရည်မြင့်မားရေးကို ဦးတည်ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် အမှတ် (၃) မူလတန်းကြိုကျောင်းမှ သားငယ်/သမီးငယ်လေးများက “ဘွန္တော” သီချင်းဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေခြင်း၊ မော်လမြိုင်လူငယ်သင်တန်းကျောင်းမှ ကျောင်းသားလေးများက“စိတ်မညစ်နဲ့ သီချင်းနှင့်ဗိုဗီနမ်သိုင်း”ဖြင့်သရုပ်ပြ ဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)