လွိုင်ကော် မတ် ၈
ကယားပြည်နယ်၊ လွိုင်ကော်မြို့ပြည်နယ်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ နိုင်ငံတော်၏အရေးပါသော အင်အားစုတစ်ရပ်ဖြစ်သည့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေး၊ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံရေး၊ အမျိုးသမီး/အမျိုးသားအားလုံး တန်းတူညီမျှရှိစေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးကော်မတီတို့က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ ဥပဒေများနှင့်အညီ ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကြောင်း ပညာရပ်များသင်ကြားနိုင်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားရေး၊ လူမှုရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရေးအတွက် ငွေကြေးများပံ့ပိုးခြင်းကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှ်ိကြောင်း၊ အမျိုးသမီးထု၏အင်အားနှင့် စွမ်းဆောင်ရည်ကို နိုင်ငံတော်အား အကျိုးပြုနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ်မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လွိုင်ကော်မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “သွေးချင်းများနှင့်အတူ ကကြမယ်” သီချင်းနှင့် “ပန်းကောက်တေး” တေးသီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြရာ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသော သားငယ်/ သမီးငယ်လေးများအား ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသော အမျိုးသမီးရေးရာအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေး စကားပြောခဲ့ကြောင်းသိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)