ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို

ကျောက်ဖြူ မတ် ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၈)ရက် နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့)မြန်မာစာဘာသာရပ်အား ကျောင်းသားကျောင်းသူ(၁၈၈၀)ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ကျောက်ဖြူခရိုင်၌ စာစစ်ဌာနပေါင်း(၇)ခုရှိသည့်အနက် ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၄)ခု တွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၃၆၈)ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၁၁၈၂)ဦးရှိကာ ပျက်ကွက်(၁၈၆)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၈၆.၄၀)ရာခိုင်နှုန်းရှိကြောင်း၊  ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာန(၃)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၈၀၆)ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၆၉၈) ဦးရှိကာ ပျက်ကွက်(၁၀၈)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၈၆.၆၀) ရာခိုင်နှုန်းရှိကြောင်း   ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆို နိုင်ရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)