ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား / ကျောင်းသူများ အေးချမ်းစွာဖြင့် စတင်ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

လွိုင်ကော်    မတ်  ၈

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုယနေ့ မတ်လ ၈ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ဖြေဆိုရာ ကယားပြည်နယ်တွင် လွိုင်ကော် ၊ ဘောလခဲ၊ ဖားဆောင်း ၊ မယ်စဲ့ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင်လည်း စတင်ဖြေဆိုလျက်ရှိသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်တွင် လွိုင်ကော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စတင်ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ကယားပြည်နယ်အတွင်းတွင် စာစစ်ဌာန ၄ ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန်စာရင်းပေးထားသူ (၉၉၅)ဦးအနက် ယနေ့မြန်မာစာဘာသာရပ်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူပေါင်း(၉၂၁)ဦးနှင့် ပျက်ကွက်(၇၄)ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ(၉၂.၅၆) ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူး ရုံးမှသိရှိရသည်။

ပြည်နယ်အတွင်း၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပြီး စာဖြေခန်းများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)