အောင်လံ မတ် ၈
၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်နေ့တွင် စတင်ကျင်းပပြီး ပထမနေ့အဖြစ် မြန်မာစာ စတင်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အနေဖြင့် စာစစ်ဌာန (၅)ခုဖြင့် ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ပထမနေ့ မြန်မာစာဘာသာရပ်ဖြေဆိုသူ အ.ထ.က-၁ စာစစ်ဌာနတွင် (၃၄၀)ဦး၊ အထက(ရွာထောင်) စာစစ်ဌာနတွင် (၁၄၅)ဦး၊ အထက(ပြလို့) စာစစ်ဌာနတွင် (၁၁၆) ဦး၊ အထက(သမ္ဘူလ) စာစစ်ဌာနတွင် (၈၃)ဦး၊ အထက(ကျီရပ်ကုန်း) စာစစ်ဌာနတွင် (၄၇)ဦး၊ စုစုပေါင်း (၇၃၁)တို့ ဖြေဆိုခဲ့ကြသည်။ အောင်လံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၅)ခုတွင် ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူစာရင်းရှိ (၇၉၂)ဦးရှိရာ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၇၃၁)ဦး (၉၂.၃၀)% ရှိပြီး ပျက်ကွက်သူ(၆၁)ဦး (၇.၇၀)% ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယခုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲသည် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)