လက်ပံတန်း မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျွန်းကလေးအုပ်စု ဝေယံမိုးဆန်စက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းတွင် ပါဝင်သော တောင်သူများအား သွင်းအားစုမြေဩဇာများ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်က စိုက်ပျိုးရေးကဏ္ဍများတွင် ပန်းတိုင်အထွက်နှုန်းထက် ပိုမိုထွက်ရှိစေရန်အတွက် ကြဲခင်းစနစ်များ ပပျောက်စေရေး ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့ချစိုက်ပျိုးခြင်းတို့ကို ပြောင်းလဲပြုလုပ်သွားနိုင်ရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာများသုံးစွဲနိုင်ရေးအတွက် စိုက်ပျိုးရေးပညာရှင်များ၊ ဝန်ထမ်းများ၊ မြို့နယ်စိုက်ညှိအဖွဲ့မှ တာဝန်ရှိသူများက တောင်သူများနှင့်တွေ့ဆုံပြီး တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများကို ပူးပေါင်း ကူညီဖြေရှင်းပေးသွားကြရန်မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဉာဏ်မြင့်က မည်သည့်သီးနှံပဲ စိုက်စိုက်ထယ်ရေးကောင်းဖို့လိုအပ်ကြောင်း မြေဆီနှင့်မြေဩဇာ ပိုးသတ်ဆေးတို့ကို သတ်မှတ်ချိန် အတိုင်း သုံးစွဲပေးရန် လိုအပ်ကြောင်းစိုက်ပျိုးရေးဆိုင်ရာ သိလိုသည့်အချက်အလက်များကို ဆက်သွယ် မေးမြန်းလာပါက ဝန်ထမ်းများကိုယ်တိုင်လက်တွေ့သရုပ်ပြ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး နိုင်ငံစီးပွားမြှင့်တင်ရေးကဏ္ဍ နွေစပါးဧက ၇၆၅၀ အတွက် တစ်ဧကလျှင် ရွှေဝါရောင်ကုမ္ပဏီမှ ယူရီးယားတစ်အိတ်နှင့် ကွန်ပေါင်းတစ်အိတ်တို့ကို သက်ဆိုင်ရာ နွေစပါး စိုက်တောင်သူများထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
မြို့နယ် ပြန်/ဆက်