ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ပေါက်ခေါင်း       မတ်        ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့မှစ၍ စတင်ဖြေဆိုကြရာ ပေါက်ခေါင်းမြို့နယ်တွင်လည်း ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ပေါက်ခေါင်း)စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့်‌ မြန်မာစာ ဘာသာရပ်ကိုဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ပေါက်ခေါင်း) စာစစ်ဌာန(၁)ခုဖွင့်လှစ်ဖြေဆိုခဲ့ပြီး အတွဲ(၇)ဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦး၊ အတွဲ(၁)ဘာသာရပ်တွင်(၂၃၄)ဦး၊ သိပ္ပံတွဲဘာသာရပ်တွင် (၅၅)ဦးနှင့်အတွဲ(၂)ဘာသာရပ်တွင် (၁၀၁)ဦး စုစုပေါင်း(၃၅၁)ဦးဝင်ရောက်ဖြေဆိုရန်စာရင်းပေးထားရာ ယနေ့မြန်မာစာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ(၃၃၅)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး (၁၆)ဦးပျက်ကွက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စာမေးပွဲဖြေဆိုသည့် အ.ထ.က(ပေါက်ခေါင်း)စာစစ်ဌာနသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အပြင်စည်းလုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)