ဟင်္သာတ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)နေ့ မြန်မာစာဘာသာကို ယနေ့ နံနက်(၉)နာရီအချိန်မှ စ၍ သတ်မှတ်စာစစ်ဌာန (၁၃) ခုတို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၃)ခုတို့တွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၆၂၅)ဦး၊ ကျောင်းသူ (၈၀၉)ဦး၊ စုစုပေါင်း(၁၄၃၄)ဦးရှိရာ ယနေ့ မြန်မာစာဘာသာတွင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၁၂၉၃)ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ စုစုပေါင်း(၁၄၁)ဦးရှိကြောင်း၊ ဖြေဆိုမှုရာနှုန်းမှာ (၉၀.၁၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပညာရေးဦးစီးဌာနက ပူးပေါင်း၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ