အုတ်ဖို မတ် ၈
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင် တည်းကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် အထ.က အုတ်ဖို၊ အထ.က အေးမြသာယာနှင့် အ.ထ.က အိုးသည်ကုန်းတို့တွင် စာစစ်ဌာန(၃)ခုဖွင့်လှစ်ထားရှိကာ စာမေးပွဲဖြေဆိုရန် ကျောင်းတွင်းဖြေဆိုသည့် ကျောင်းသားကျောင်းသူ(၄၄)ဦး၊ ပြင်ပမှဖြေဆိုမည့်သူ(၃၁၅)ဦး စုစုပေါင်း(၃၅၉)ဦးရှိကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေ ချောမွေ့စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သော ကိစ္စရပ်များမဖြစ်ပေါ်ရေး၊ မသမာသောကိစ္စရပ်များ မဖြစ်ပေါ်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက စာစစ်ဌာနအသီးသီး၌ နေစဉ်အလှည့်ကျ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)