ကန့်ဘလူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ကန့်ဘလူ မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (အထက-၁) စာစစ်ဌာန၌ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုင်နိုင် ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူး ဦးမျိုးဝင်းတို့က ကြီးကြပ်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ လုံခြုံရေးများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် စာစစ်ဌာန လေးခုရှိရာ အထက(၁)ကန့်ဘလူ စာစစ်ဌာန၌ ကျောင်းသား ၂၂၆ ဦး၊ ကျောင်းသူ ၃၄၁ ဦး၊ အထက ဇီးကုန်းစာစစ်ဌာနတွင် ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၁၂ ဦး၊ အထက ထန်းကုန်းစာစစ်ဌာနတွင် ကျောင်းသား ၅၆ ဦး၊ ကျောင်းသူ ၉၄ ဦးနှင့် အထက ကာဘိုးစာစစ်ဌာနတွင် ကျောင်းသား ၂၇ ဦး၊ ကျောင်းသူ ၅၇ ဦး စုစုပေါင်း ၈၂၇ ဦး ဝင်ရောက် ဖြေဆိုကြရာ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၈၈ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)