ငဖဲမြို့နယ် သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်း ကျင်းပ

ငဖဲ မတ် ၇

လူငယ်လူရွယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယနေ့နံနက် ၉ နာရီအချိန်က လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ရာ ဒုမြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျောင်းသား/သူလူငယ်လူရွယ်များ ဉာဏ်ပညာဗဟုသုတ ပိုမိုတိုးပွားစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ မိမိဘဝဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လာရန်နှင့်  လူငယ်အချင်းချင်းရင်းနှီး ချစ်ကြည်မှုများတိုးပွားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ နားထောင်ကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကြားခံဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade-7 မှ မနှင်းယုဝေ က လူငယ်နှင့်ကျန်းမာရေး၊ Grade-8 မှ မဇင်မာထွေးက လူငယ်နှင့်ပညာရေး၊ Grade-9 မှ မကေသီခိုင်က လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-10 မှ မောင်ဟိန်းစိုး က လူငယ်နှင့် စာပေ၊ မောင်ကျော်မျိုးဘိုဘိုထက်က လူငယ်နှင့်စာရိတ္တ၊ မောင်စည်သူလွင်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)