ကြံခင်း မတ် ၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပိန္နဲကွင်းကျောင်းတိုက်မှ ဆရာတော်ကြီးအား ယနေ့နံနက် (၁၁)နာရီအချိန်က ကြံခင်းမြို့ ရွှေညောင်ပင်ကျောင်းတိုက် ပညာဆီမီးဓမ္မာရုံအတွင်း ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် တပည့်ဒါယိကာ ဒါယိကာမများက "နမောတဿ" (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ တွဲဘက် အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်အမှတ်(၁/၂၀၂၃)ဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ရာတွင် (ဒုတိယအကြိမ်) "အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ" ဘွဲ့တံဆိပ် လှူဒါန်းပူဇော်ခံရသော ဆရာတော်ကြီးထံမှ ငါးပါးသီလဆောက်တည်ပူဇော်ပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် ဇနီးဒေါ်စန်းစန်းမြင့်တို့က လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေကြပြီး "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" (၃)ကြိမ်ရွတ်ဆိုပူဇော် ဆုတောင်းကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်ဇနီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ပူဇော်ခံရသော ဆရာတော်ကြီးအား မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပြီးနောက် သီတင်းသုံးတော်မူသော ပိန္နဲကွင်းကျောင်းတိုက်သို့ တပည့်ဒါယိကာ ဒါယိကာမများမှ ပရိတ်တရားဓမ္မများ ရွတ်ဖတ် ဖူးမျှော်ပူဇော် ပင့်ဆောင်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)