တောင်တွင်းကြီး မတ် ၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှသောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာ ရုံးများတွင် အရေးပေါ် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြိမ်းသတ်ရေးပစ္စည်းများ ဖြစ်သည့် မီးချိတ်၊ မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် လှေကားများအား ညွှန်ကြားချက်နှင့်အညီ ထားရှိခြင်းရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးများသွယ်တန်းမှု စနစ်တကျရှိရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျ သုံးစွဲတတ်စေရေး၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသိုလှောင်ကန်များ ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို အကြံပြုဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါ ရုံးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးဘေးအန္တရာယ် ဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ကြစေရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)