ဒေးဒရဲ မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျုံဒါးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ နောက်ပြန်တိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် တော်ကမယ်ကျေးရွာ အခြေခံပညာအထက်ကျောင်း(ခွဲ)တွင် ယနေ့နံနက် (၁၀) နာရီခွဲကစတင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းတာဝန်ရှိသူများက မီးချိတ်မီးကပ်၊ မီးသတ်ဆေးဘူး၊ မီးသတ်ရေကန်နှင့် ဆက်စပ်ပစ္စည်းများ အသင့်ထားရှိမှုများနှင့် လျှပ်စစ်သွယ်တန်းထားရှိမှုများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ(၅၄၅) ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အေဇာလင်း