ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌနှင့် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်တို့အား လက်ခံတွေ့ဆုံ

စစ်တွေ မတ် ၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ အမယာမော်နိုင် ဦးဆောင်သောအဖွဲ့နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် မစ္စတာ ဂျာခီရ်အာမတ်တို့အား သီးခြားစီ တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဒုတိယဥက္ကဋ္ဌ၊ ဒေါက်တာ အမယာမော်နိုင်  ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ်အတွင်း ရပ်ရွာ လူထုဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေး လုပ်ငန်းအစီအစဉ်များ၊ ရပ်ရွာလူထုနှင့် ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးမှုဆိုင်ရာ စွမ်းဆောင်ရည် အားကောင်းစေရန် မြှင့်တင်ခြင်းလုပ်ငန်းအစီအစဉ်၊ ရပ်ရွာလူထုအားလုံး ပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာတည်ဆောက်ခြင်းစီမံကိန်း၊ မိုင်းအန္တရာယ်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အန္တရာယ်မှ လျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ အစီအစဉ်များ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲ အဆောက်အဦဆောက်လုပ်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ကျောင်းကြက်ခြေနီဖွဲ့စည်းခြင်းနှင့် ရှေးဦးပြုစုခြင်းသင်တန်းများပေးခြင်း စသည့်ကဏ္ဍများအား ဆွေးနွေးခဲ့ကြသည်။

အလားတူ ရခိုင်ပြည်နယ်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် မစ္စတာ ဂျာခီရ်အာမတ်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေး ကဏ္ဍများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများ စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)