ပေါင်းတည်မြို့နယ်တွင် နွေစပါးစိုက်တောင်သူများသို့ မဏိကမ္ဘာကုမ္ပဏီမှ သွင်းအားစုပစ္စည်းများပေးအပ်

ပေါင်းတည် မတ် ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် လယ်ယာကဏ္ဍတိုးတက်ရေးစီမံကိန်းအရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူများသို့ မဏိကမ္ဘာကုမ္ပဏီမှ သွင်းအားစုပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားပြီး မဏိကမ္ဘာကုမ္ပဏီမှ MD ဦးအောင်ချမ်းမြေ့က သွင်းအားစုဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားကာ တောင်သူများသို့ သွင်းအားစု ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာသော နွေစပါးစိုက် တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့​သည်။

အဆိုပါ သွင်းအားစုများ ပေးအပ်ရာ၌ နွေစပါးစိုက်ဧက တစ်ဧကလျှင် ၂၀၀၀၀၀ကျပ်နှုန်းနှင့်ညီမျှသော ယူရီးယားကွန်ပေါင်းဓာတ်မြေသြဇာနှင့် ပုလဲစာတ်မြေသြဇာအိတ်များကို ဒေသပေါက်စျေးထက် ​သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်းနှင့်အခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူးများနှင့် တောင်သူ ၄၅ ဦး စုစုပေါင်း ၆၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ ဆက်)