ရွှေကျင် မတ် ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနပြင်ဆင်ထားရှိမှု အခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ရွှေကျင်)စာစစ်ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ရွှေကျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေခန်းပြင်ဆင်ထားရှိမှုအခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စာဖြေခန်းများတွင် မီးကြိုးများတပ်ဆင်ထားရှိမှုအခြေအနေ၊ တပ်ဆင်ထားရှိသည့် မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ ကျောင်းဝင်းအတွင်း ရေကန်များရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျရှင်းလင်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အတွင်းဖြေ(၁၀၁)ဦး၊ အပြင်ဖြေ (၂၁၇)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၃၁၈)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)