ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)၌ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးနိုင်ရေး စိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာ ရေဆင်း(၁)စပ်မျိုးနေကြာစိုက်ခင်းများ စတင်ရိတ်သိမ်း

ပွင့်ဖြူ မတ်  ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)မှ ဒေသတွင်းရှိ တောင်သူများထံ ဆီထွက်သီးနှံ နေကြာမျိုးကောင်းမျိုးသန့်မျိုးစေ့ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ရေဆင်း(၁) စပ်မျိုးနေကြာစိုက်ခင်းများမှာ ယခုအခါ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍  မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး စတင်ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။

"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)အနေနဲ့ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ တောင်သူတွေ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်  နေကြာသီးနှံမျိုးစေ့များ  စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးစေ့ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ပြီး မျိုးသန့်ခြံစိုက်ပျိုးလယ်မြေမှာ အထွက်နှုန်းကောင်းတဲ့ ရေဆင်း(၁)စပ်မျိုးနေကြာသီးနှံ ဧက ၅၀ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားပါတယ်။ ယခုဆိုရင် မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရန်  စိုက်ပျိုးဆောင်ရွက်ထားရှိတဲ့ ရေဆင်း(၁)စပ်မျိုး နေကြာသီးနှံစိုက်ခင်းတွေဟာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်လို့ ဖေဖော်ဝါရီ ဒုတိယပတ်လောက်ကစပြီး ရိတ်သိမ်းခြွေလှေ့နေပြီ ဖြစ်ပါတယ်။ အထွက်နှုန်း အနေနဲ့ကတော့ ရိတ်သိမ်းခြွေလှေ့နေဆဲဖြစ်လို့ မသိရသေးပါဘူး။ ရိတ်သိမ်းခြွေလှေ့လို့ရရှိတဲ့ နေကြာသီးနှံများကို မျိုးသန့်စင်ခြင်းလုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ပြီး သိုလှောင်ထားရှိမှာ ဖြစ်ပါတယ်။ ဒေသတွင်းရှိ စိုက်ပျိုးလိုတဲ့ တောင်သူတွေကို မျိုးစေ့ဖြန့်ဖြူးရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)အနေနဲ့ တိုင်းဒေသကြီးအတွင်းရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူဦးကြီးတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့နဲ့ ပြည်သူတွေ စားနပ်ရိက္ခာ ဖူလုံစေဖို့အတွက် ရည်ရွယ်ပြီး နှစ်စဉ် မနောသုခ ၊ ဆင်းသုခ၊ ရတနာတိုး ၊ ဧရာမင်း စပါးမျိုးကွဲ လေးမျိုးနဲ့ ရေဆင်း(၆)နဲ့ ရေဆင်း(၁၂)ကုလားပဲ မျိုးကောင်းမျိုးသန့်မျိုးစေ့များကိုလဲ ဖြန့်ဖြူးရောင်းချပေးတာ ဖြစ်ပါတယ်။ နေကြာသီးနှံကတော့ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စတင်ပြီး မျိုးစေ့ထုတ်စိုက်ခင်း အဖြစ် ရေဆင်း(၁)စပ်မျိုးနေကြာ ဧက ၅၀ စိုက်ပျိုးဆောင်ရွက်တာဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တာဝန်ခံ ဦးအောင်ချစ် က ပြောသည်။

ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ)အနေဖြင့် နှစ်စဉ် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (မျိုးသန့်ခြံ) စိုက်ပျိုးလယ်မြေတွင် စပါးမျိုးကွဲလေးမျိုးနှင့် ကုလားပဲမျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးထုတ်လုပ်၍ ဒေသခံတောင်သူများထံ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက်  မျိုးကောင်းမျိုးသန့်နေကြာ သီးနှံမျိုးစေ့ ဖြန့်ဖြူး ပေးနိုင်ရေး ရေဆင်း(၁)စပ်မျိုးနေကြာသီးနှံဧက ၅၀ ကို ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် အောင်မြင်စွာ စိုက်ပျိုးပြီးစီးခဲ့ကာ  ယခုအခါ နေကြာသီးနှံ စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍   မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရန် စတင်ရိတ်သိမ်းခြွေလှေ့လျက်ရှိကြောင်း သိရသည်။    

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )