ကျုံပျော်မြို့နယ်တွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျုံပျော် မတ် ၇

ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်လျှက်ရှိသော အခြေအနေမှန်များ၊ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများနှင့် မိမိရပ်ရွာ ဒေသတွင်း လိုအပ်ချက်များကို ဆွေးနွေးတင်ပြနိုင်စေရန်အတွက်  စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း တွေ့ဆုံပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သရက်ချိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် သက်ဆိုင်ရာ ဌာနအသီးသီးက သီးနှံစိုက်ပျိုးရေးနှင့် စိုက်ဘဏ် ချေးငွေကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း(၆၆/၆) ပြုလုပ်နိုင်ရေး၊ လူကုန်ကူးမှု၊ မှုခင်းဆိုင်ရာနှင့် သက်ငယ်မုဒိမ်းမှု ဆိုင်ရာကိစ္စများ၊ လုံခြုံရေး၊ စုပေါင်းသန့်ရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး ကိစ္စများ၊  ပွင့်လင်းရာသီတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆွေးနွေးကြသည်။

ထို့နောက် ကျေးရွာနေ ပြည်သူများက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားခဲ့ကြောင်း၊ တွေ့ဆုံပွဲသို့ ကျေးရွာပြည်သူ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)