နတ်မောက် မတ် ၇
ကျရောက်လတ္တံသော ဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ကြစေရန် ယုံကြည်သဒ္ဒါပွားကြပြီး နတ်မောက်မြို့နယ်အတွင်း ကျေးရွာအသီးသီးတွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် စျေးသာရွာ၊ န/လက်ခုပ်ပင်ကျေးရွာ၊ န/ဖုန်ကုန်းကျေးရွာ၊ ကြူအိုင်ကျေးရွာ၊ န/ဂွေးချိုကျေးရွာ၊ ဂွေးတောက်ကုန်းကျေးရွာ၊ ဂွေးပင်ကျေးရွာ၊ ဘုန်းတော်ပြည့်ကျေးရွာ၊ တွင်းကြီးကျေးရွာတို့တွင် ပြာသိုလမှစတင်၍ အသံမစံမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပခဲ့ကြောင်း၊ တပေါင်းလပြည့်နေ့မှ တပေါင်းလပြည့်ကျော် (၁)ရက်နေ့အထိ န/လက်ခုပ်ပင်ကျေးရွာ ကံဦးကျောင်းတိုက်တွင် (၁၄)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကျင်းပလျက်ရှိကြောင်း နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးလှဒင်က ပြောသည်။
မြတ်စွာဘုရား၏ ပဋ္ဌာန်းဥဒ္ဒေသနှင့်နိဒ္ဒေသတို့ကို သုံးသပ်ရွတ်ဖတ်ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်အများစုအနေဖြင့် သာသနာတော်ကို မမေ့မပျောက်ဆည်းကပ်ကိုးကွယ်လာစေရန် ဆရာတော်များက ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများကို ဦးဆောင်ကြိုးပမ်းကျင်းပပေးနေကြကြောင်း၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းကြောင့် ကျရောက်ဆဲ ကျရောက်လတ္တံသော ဘေးအန္တရာယ်တို့မှလွတ်မြောက်နိုင်ခြင်း၊ မီးဘေးအန္တရာယ်ကင်းလွတ်နိုင်ခြင်း၊ ကောက်ပဲသီးနှံအစာရေစာရိက္ခာများ ဖြစ်ထွန်းပေါများနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိခံစားရသည်ဟု ယုံကြည်ကာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပနေခြင်းဖြစ်ကြောင်း မကြာမီလျှော်တောင်ကျေးရွာနှင့် န/လက်ခုပ်ပင်ကျေးရွာမယ်ရေးဘုရားဝိုင်းတွင်လည်း ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ဆက်လက်ကျင်းပရန်ရှိကြောင်း ကြားသိရသည်။
မူမူစန်း