"အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆိပ်တော်ရ ပြည်မြို့ "ဓမ္မသိင်္ဂီမင်းကျောင်း" ဆရာတော်အား ဂုဏ်ပြုကြိုဆိုပင့်ဆောင်ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ပြည် မတ် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်ရှိ "ဓမ္မသိင်္ဂီမင်းကျောင်းတိုက်"၏ ဦးစီးပဓာနနာယက၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)သံဃနာယကအဖွဲ့၊ အဖွဲ့ဝင် "ဒေါက်တာဘဒ္ဒန္တပညာစက္က" ဆရာတော်အရှင်သူမြတ်အား နိုင်ငံတော်အစိုးရက သာသနာတော်ဆိုင်ရာ ဆက်ကပ်လှူဒါန်းသော "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့တံဆိပ်တော်ကို အလှူခံပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်မြို့သို့ ပြန်လည်ကြွလာစဉ် တပည့်ရဟန်းသံဃာ၊ ဒါယကာ/ ဒါယိကာမအပေါင်းတို့က စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။

ဆရာတော်အရှင်သူမြတ်အား ဂုဏ်ပြုကြိုဆိုပင့်ဆောင်ရာတွင် တပည့်ရဟန်းသံဃာ၊ မြို့သူမြို့သား ဒါယကာ၊ ဒါယိကာမများ အပါအဝင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သော ပြည်ခရိုင်၊ ပြည်မြို့နယ်နှင့်‌ ရွှေတောင်မြို့နယ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပရဟိတလူမှု‌ရေးအသင်းအဖွဲ့ဝင်များက မင်္ဂလာစည်တော်ယာဉ်နှင့် ကြိုဆို/ ပင့်ဆောင်/ ဖျော်ဖြေရေး မင်္ဂလာယာဉ်တန်းများဖြင့် (ရန်ကုန်-ပြည်) ကားလမ်းဘေး၊ ရွှေတောင်မြို့နယ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းမွေးရပ်မြေ "ဝါးလည်" ကျေးရွာအနီးရှိ ကြိုဆိုရေးစုရပ်မင်္ဂလာမဏ္ဍပ်မှ စတင်ပင့်ဆောင်၍ ရွှေတောင်မြို့တွင်းလမ်းတစ်လျှောက်နှင့် ပြည်မြို့တွင်း လမ်းမကြီးများတစ်လျှောက် မြို့တစ်ပတ်လှည့်လည် ဂုဏ်ပြုကြိုဆိုပူဇော်ကြပြီး ပရဟိတအဖွဲ့များနှင့် အလှူရှင်များက ကြိုဆိုရေးမင်္ဂလာယာဉ်တန်းများအား သောက်ရေသန့်၊ အချိုရည်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်းကြသည်။

ယင်းနောက် ဆရာတော်အရှင်သူမြတ်အား ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး ဦးဆောင်သောအဖွဲ့က ဒေဝါဝင်း၊ ရာဇာဝင်း၊ မင်္ဂလာပန်းကြဲအဖွဲ့နှင့် ပျူအကအဖွဲ့တို့ဖြင့် ဗိုလ်ချုပ်လမ်း၊အထက(၄) ကျောင်းရှေ့မှ ဆရာတော်သီတင်းသုံးတော်မူသည့် "ဓမ္မသိင်္ဂီမင်းကျောင်း" အထိ ပင့်ဆောင်ကြိုဆိုပူဇော်ကြပြီး ကြိုဆိုရေးအဖွဲ့များအား အလှူရှင်များက စားသောက်ဖွယ်ရာများ အာဟာရဒါနပြု၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ ဆက်)