ဒေးဒရဲမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

ဒေးဒရဲ မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစား သင်တန်းများကို ယမန်နေ့ နံနက် (၇)နာရီက စတင်၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ဘောလုံးအားကစားသင်တန်းကို မြို့မဘောလုံးကွင်းသစ်ကြီးနှင့် (Ground)တင်းနစ် အားကစားနည်းကို မြို့နယ်တင်းနစ်ကွင်း တွင် သင်ကြားပေးလျက်ရှိပြီး လက်ဝှေ့၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းနှင့်  ပိုက်ကျော်ခြင်း အားကစားသင်တန်းများကို မြို့နယ်အားကစားခန်မတွင် အချိန်ခွဲ၍ သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၇၀)ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ၂၀၂၃ ခုနှစ်၊ မတ်လ (၆) ရက်နေ့မှ (၂၁) ရက်နေ့ထိ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနက သိရသည်။

အေဇာလင်း