သံဖြူဇရပ် မတ် ၆
မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တာ၀န်ရှိသူများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်၀န်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးကိုလည်း ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသထွက်ကုန်ကြမ်းများ ထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တစိုက်မတ်မတ် အားပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များရဲ့ အားနည်းချက်၊ အားသာချက်များကို သိရှိပြီး လိုအပ်တဲ့ ပံ့ပိုးကူညီမှုများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ MSMEs Talk Show စကားဝိုင်းများကို မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်ပရခြင်းဖြစ်ကြောင်း၊ စပါးနှင့်ဆီထွက်သီးနှံများ ဆက်လက်စိုက်ပျိုးရန်၊ နေကြာနှင့် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများ နေကြာနှင့်အခြားဆီထွက်သီးနှံများ စိုက်ပျိုးခြင်းတို့အတွက် အားပေးကြရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန်များနှင့် ဆက်စပ်ဆောင်ရွက်နိုင်မှု အခြေအနေ၊ စွန့်ဦးတီထွင် လုပ်ငန်းအခန်းကဏ္ဍများအပြင် အကျိုးဖြစ်ထွန်းတဲ့ရလဒ်ကောင်းများ ပေါ်ထွက်လာမယ်လို့ ယုံကြည်မိပါကြောင်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူး(အစိုးရအဖွဲ့အတွင်းရေးမှူး)တို့က မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်ကောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ထို့နောက် စကားဝိုင်း ဆွေးနွေးပွဲအားဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ဆွေးနွေးသူများမှ စက်မှုနှင့် MSMEs ကဏ္ဍ၊ မြေယာကဏ္ဍ၊ ရင်းနှီးမြုပ်နှံမှုကဏ္ဍ၊ နည်းပညာဖွံဖြိုးတိုးတက်ရေးကဏ္ဍ ၊ စျေးကွက်ရရှိရေးကဏ္ဍ ၊ အခွန်ကဏ္ဍ ၊ ဘဏ်လုပ်ငန်းများကဏ္ဍ ၊ လူ့အစွမ်းအားအရင်းအမြစ်ဖွံဖြိုးရေးကဏ္ဍ ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြမှုအပေါ် အသေးစား၊ အငယ်စားနှင့် အလတ်စား ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်း၊ ဖြည့်စွက်အကြံပြု ဆွေးနွေးခြင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)