ကသာ မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီ အချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက တက္ကသိုလ်ဝင်စာမေးပွဲအတွက် မေးခွန်းများ သယ်ဆောင်ရာတွင် အခက်အခဲကြားမှ သယ်ယူရကြောင်း၊ ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအနေဖြင့် မိမိတို့ကို ပေးအပ်သည့်တာဝန်များအား တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းက ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရမည့် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေး ပြောကြားရာတွင် လက်ထောက်ကြီးကြပ်ရေးမှူးများအနေဖြင့် ကျောင်းသား/သူများ၏ စာဖြေလွှာများပေါ်တွင် ခုံနံပါတ်တပ်သည့်အခါ မှန် မမှန် စစ်ဆေးကြစေလိုကြောင်း၊ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အခန်းစောင့်များအနေဖြင့် အနံ့ဆိုးလွန်းသည့် အမွှေးနံ့သာများ ဆွတ်ဖျန်းထားခြင်း မပြုလုပ်ကြရန်၊ ဒေါက်မြင့်ဖိနပ်များ မစီးကြရန်နှင့် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူလေးများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဂရုစိုက်ရန် မှာကြားခဲ့သည်။ ထို့ပြင် စာဖြေဌာနအသီးသီးတို့၌ အတွင်း၊ အပြင်အစောင့် တာဝန်ကျသော ဆရာ/ဆရာမများအနေဖြင့် မိမိတို့၏ တာဝန်များကို အလေးထား ဆောင်ရွက်ကြရန်နှင့် ကြီးကြပ်ရေးမှူးမှအပ တာဝန်ကျဆရာ/ဆရာမများ၏ လက်ကိုင်ဖုန်းများအား စာစစ်ဌာနရုံးခန်းတွင် အပ်ထားပေးကြစေလိုကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် အ.ထ.က(၁) စာစစ်ဌာနတွင် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် ရုံးအဖွဲ့အပါအဝင် (၉၂)ဦး အ.ထ.က (၂)စာစစ်ဌာနတွင် ကြီးကြပ်ရေးမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူးနှင့် ရုံးအဖွဲ့အပါအဝင် (၆၄)ဦးနှင့် အ.ထ.က ဗန်းမောက်(ကသာ) စာစစ်ဌာနတွင် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် ရုံးအဖွဲ့အပါအဝင် (၃၃)ဦး စုစုပေါင်း (၁၈၉)ဦးတို့က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး တာဝန်ယူ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းထံမှ သိရှိရသည်။
ကျော်စွာ(ကသာ)